မိုင်းဆတ်ခရိုင် လူထုအခြေပြုဗဟိုဌာန၌ အလယ်တန်းအဆင့် ပန်းချီပြိုင်ပွဲ ကျင်းပ

မိုင်းဆတ် ဧပြီ ၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ အလယ်တန်းအဆင့်ပန်းချီပြိုင်ပွဲကို ယနေ့နံနက်(၁၀)နာရီက လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

နွေရာသီကျောင်းပိတ်ရက် ကာလအတွင်း အနာဂတ်မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများ ပြည်သူ့စာကြည့်တိုက်သို့ လာရောက်၍ စာအုပ်စာပေများဖတ်ရှုခြင်းဖြင့် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ မိုဘိုင်းဖုန်းအသုံးပြု၍ ဂိမ်းကစားခြင်းဖြင့် အချိန်ကိုအကျိုးမဲ့မကုန်ဆုံးစေရန်၊ တစ်ဦးနှင့်တစ်ဦး ချစ်ခင်ရင်းနှီးမှုရရှိစေရန်၊ ရောင်စုံကာလာအသုံးပြုမှု ကျွမ်းကျင်ပိုင်နိုင်စေရန်၊ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်ပြီး တွေးခေါ်ကြံဆနိုင်စွမ်းမြင့်မားစေရန်နှင့် ပန်းချီစွမ်းရည်တိုးတက်စေရန်အတွက် ကျင်းပပြုလုပ်ပေးခြင်းဖြစ်ပြီး ပန်းချီပြိုင်ပွဲ မစတင်မီ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိုင်းဆတ်ခရိုင်ရုံးမှ ရုပ်သံကျွမ်းကျင်-၃ ဒေါ်ခိုင်သဲစုပိုင်က ပြိုင်ပွဲစည်းမျဉ်း၊ စည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ပန်းချီပြိုင်ပွဲစတင်ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါပြိုင်ပွဲတွင် ပန်းချီဝါသနာရှိသည့် ကျောင်းသား၊ ကျောင်းသူများက မိမိတို့ကြိုက်နှစ်သက်ရာ ပန်းချီများရေးဆွဲယှဉ်ပြိုင်ကြပြီး ဆုရရှိသူအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အမှတ်တရ လက်ဆောင်ပစ္စည်း ပေးအပ်ခဲ့ကြောင်း သိရသည်။

မြင့်မောင်(မိုင်းဆတ်)