ကျောက်ဆည် ဧပြီ ၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ စိုက်ပျိုးရေများပေးဝေရာ၌ လေလွင့်ဆုံးရှုံးမှုနည်းပါးစွာဖြင့် သီးနှံများအောင်မြင်သည်အထိ ရေများပေးဝေနိုင်ရေး ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ကွမ်းဆေးမြောင်းနှင့် နွားတက်မြောင်းများတွင် လိုအပ်ချက်များရှိသည့် မြေကာနံရံများအား ပြန်လည်ပြုပြင်ပေးခဲ့သဖြင့် သီးနှံမျိုးစုံ (၂၅၇၀၀) ဧက ရေပြည့်ဝစွာပေးဝေနိုင်ပြီဖြစ်ကြောင်း သိရသည်။
မြေကာနံရံများပြန်လည်ပြုပြင်ရာတွင် ခိုင်ခန့်မှုရှိစေရေး ပြည်ထောင်စု(ငွေလုံးငွေရင်း) ခွင့်ပြုရန်ပုံငွေ (၉၇.၅၀၀)ကျပ်သန်းဖြင့် မြေကာနံရံများ အသစ်ပြုလုပ်၍ မြောင်းဘောင်လမ်းအား ကျောက်သားပါမြေများဖြင့် ဟံမြင့်မိုရ်-မြို့ကြီးကားလမ်း ဖြတ်သန်းသည့် ငပြောင်ဆည်ရေဖြင့် စိုက်ပျိုးရေများပေးဝေနေသည့် ကွမ်းဆေးမြောင်း၏ ပေတိုင်အမှတ်(-၁၈+၃၀၀)ရှိ မြောင်း၏ အထက်အောက်၊ဝဲ/ယာ အရှည် (၅၀၀)ပေရှိ မြေကာနံရံများ ယိုင်လဲပျက်စီးမှုမရှိစေရေး ပြုပြင်တည်ဆောက်ခြင်းများနှင့် ဟံမြင့်မိုရ်-ရွာငံကားလမ်းဖြတ်သန်းသည့် နွားတက်မြောင်းမကြီး၏ ပေတိုင်အမှတ်(-၀+၉၅၀)မှ(၁+၂၅၀)အတွင်း မြောင်း၏အထက်ဝဲ/ယာနေရာများရှိ မြေကာနံရံများ တိုးချဲ့ပြုပြင်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကွမ်းဆေးမြောင်းနှင့် နွားတက်မြောင်းမကြီးတို့တွင် မြေကာနံရံများပြန်လည်ပြုပြင်းခြင်းနှင့် တိုးချဲ့ပြုလုပ်ပေးခဲ့ခြင်းကြောင့် ကွမ်းဆေးမြောင်းရေဖြင့် သီးနှံမျိုးစုံ(၄၇၀၀)ဧက၊ နွားတက်မြောင်းမကြီး ရေဖြင့် သီးနှံမျိုးစုံ(၂၁၀၀၀)ဧက စုစုပေါင်း (၂၅၇၀၀)ဧက စိုက်ပျိုးရေ ပြည့်ဝစွာပေးဝေနိုင်ပြီဖြစ်ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)