မတ္တရာ နိုဝင်ဘာ ၅
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲရုံများတွင် တာဝန်ထမ်းဆောင်မည့်သူများအတွက် ကိုဗစ်၁၉ရောဂါကာကွယ်ရေးအတွက် မဲရုံသုံးပစ္စည်းများကို ယနေ့နံနက် ၈နာရီအချိန်မှ စ၍ မြို့နယ်အားကစားရုံ၌ ဖြန့်ဝေပေးလျက်ရှိသည်။
ရွေးကောက်ပွဲကျင်းပသည့်ရက်တွင် ကိုဗစ်၁၉ရောဂါ ကြိုတင်ကာကွယ်ရေး ကူးစက်ပြန့်ပွားမှု မရှိစေ ရေးအတွက် ကြိုတင်ကာကွယ်ရေးပစ္စည်းများဖြစ်သည့် PPE ဝတ်စုံနှင့် ဆက်စပ်သည့် ပစ္စည်းများ၊ Mask ၊ Face Shield စသည့် ပစ္စည်း(၁၀)မျိုး၊ မဲရုံအတွက်အသုံးပြုမည့် မင်အိုး၊ လည်းဆွဲကတ်၊ အင်္ကျီ၊ ပြက္ခဒိန်နှင့် ဖိုင်အိတ်စသည့် ပစ္စည်း(၅)မျိုးအား မြိုနယ်ရွေးကောက်ပွဲအဖွဲ့ခွဲ ကော်မရှင်ရုံး တာဝန်ရှိသူများမှ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန် ရှိသူများထံသို့ ထုတ်ပေးလျက်ကြောင်းသိရသည်။
မတ္တရာမြို့နယ်၌ ရပ်ကွက်/ကျေးရွာအုပ်စု(၈၈)အုပ်စု၊ ကျေးရွာပေါင်း(၂၈၆)ရွာတွင်မဲရုံပေါင်း (၂၆၆)ရုံရှိ ပြီး ဆန္ဒမဲပေးမည့် မဲဆန္ဒရှင်(၁၉၀၀၀၀)ကျော်ရှိကြောင်းသိရသည်။
စိုးကျော်သူထွေး(မတ္တရာ)