စဉ့်ကူးမြို့နယ်တွင် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေ ကျပ်သိန်းပေါင်း (၆၀၀၀) ကျော် ထုတ်ချေးမည်

စဉ့်ကူး   ဧပြီ   

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ စဉ့်ကူးမြို့နယ်တွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် စဥ့်ကူးမြို့နယ်ဘဏ်ခွဲမှ ကျေးရွာဘဏ် (၂၀)မှတောင်သူဦးရေ (၈၅၀) ကျော်သို့ ၂၀၂၄-ခုနှစ်၊ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေ ကျပ်သိန်းပေါင်း (၆၀၀၀)ကျော်ကို ဧပြီလနှင့် မေလတို့မှစတင်ပြီး ထုတ်ချေးသွားမည်ဖြစ်ပြီး စက်တင်ဘာလကုန်တွင် အပြီးထုတ်ချေးသွားမည် ဖြစ် ကြောင်း သိရသည်။

မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးရာတွင် ယခင်နှစ်များကဲ့သို့ ဝိုင်းကြီးချုပ်စနစ်ဖြင့် တစ်ဦးကိုတစ်ဦး အပြန်အလှန် အာမခံ၍ ထုတ်ချေးခြင်း မပြုတော့ဘဲ တောင်သူတစ်ဦးခြင်းကို ၎င်းတို့ပိုင်ဆိုင်သော လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၇) မူရင်းကို မြန်မာ့လယ်ယာမြေ ဖွံ့ဖြိုးရေးဘဏ်သို့ အပေါင်အဖြစ်ပေးအပ်၍ တောင်သူတစ်ဦးချင်းအား ကိုယ်တိုင်အာမခံသည့် စနစ်ဖြင့် ရှင်းလင်းလွယ်ကူစွာ ထုတ်ချေးပေးသွားမည် ဖြစ်သည်။  

“ယခုနှစ်တွင် တောင်သူတစ်ဦးကို စပါးတစ်ဧက ငွေကျပ် (၁၅၀၀၀၀/-)နှုန်းဖြင့် စိုက်ဧက (၃၅၀၀)နှင့် အခြား သီးနှံမျိုးစုံကို တစ်ဧကလျင် ငွေကျပ်(၁၀၀၀၀/-)နှုန်းဖြင့် စိုက်ဧက (၇၅၀)တို့ကို ထုတ်ချေးပေးသွားမှာဖြစ်ကြောင်း” မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မြို့နယ်မန်နေဂျာက ရှင်းလင်းပြောကြားသည်။

ငြိမ်းချမ်းဝင်း (ပြန်/ဆက်)