မြစ်သားမြို့နယ်တွင် ကိုယ်ဝန်ဆောင် အမျိုးသမီးများအား ကျန်းမာရေးပုံမှန် စောင့်ရှောက်မှုများပေး

မြစ်သား  ဧပြီ   ၂ 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ကိုယ်ဝန်ဆောင်အမျိုးသမီးများအား ကျန်းမာရေးကြည့်ရှုစစ်ဆေးပေးခြင်းများကို ယမန်နေ့နံနက် (၉)နာရီက မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ မြစ်သားမြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ ကိုယ်ဝန်ဆောင်အမျိုးသမီးများအား ကိုယ်အလေးချိန်တိုင်းတာပေးခြင်း၊ HIV နှင့် ဆစ်ပလစ်ပိုး ရှိ/မရှိ စစ်ဆေးပေးခြင်း၊ ဆီးနှင့်သွေးစစ်ဆေးပေးခြင်း၊ ကိုယ်ဝန်ဆောင်မှုအနေအထားနှင့် ကလေးအနေအထားပုံမှန်ရှိ/မရှိ စစ်ဆေးပေးခြင်း၊ ပထမအကြိမ် ကိုယ်ဝန်အပ်နှံခြင်းဖြစ်ပါက မေးခိုင်ကာကွယ်ဆေးကို ပထမအကြိမ်ထိုးနှံပေးခြင်း၊ ကိုယ်ဝန်(၄) လကျော်ပါက သန်ချဆေးတိုက်ကျွေးခြင်းများ ဆောင်ရွက်ပေးခဲ့ပြီး ကိုယ်ဝန်ဆောင်ချိန်တွင် ကျန်းမာရေးနှင့်ပတ်သက်၍ အလေးထားလိုက်နာဆောင်ရွက်ရန်၊ အာဟာရပြည့်ဝစွာစားသုံးရန်၊ ရောဂါလက္ခဏာတစ်ခုခုဖြစ်ပေါ်လာပါက ဆေးရုံ/ဆေးခန်းတွင် အမြန်ဆုံးသွားရောက်ပြရန်နှင့် သတ်မှတ်ထားသည့်ရက်များအတိုင်း လာရောက်ပြသရန် လိုအပ်ကြောင်းအသိ ပညာပေးခြင်းများ ဆောင်ရွက်ပေးခဲ့ သည်။

မြစ်သားမြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် လစဉ်(၄)ရက်(၅)ရက်နေ့တိုင်း ကိုယ်ဝန်ဆောင်မိခင်များနှင့်မွေးကင်းစမှတစ်နှစ်ခွဲထိပုံမှန်ကာကွယ်ဆေးထိုးပေးခြင်း၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများအား အပတ်စဉ် တနင်္လာနေ့များတွင် ကျန်းမာရေးကြည့်ရှုစစ်ဆေးပေးသွားမည်ဖြစ်ကြောင်းနှင့် ဗုဒ္ဓဟူးနေ့တိုင်းဆီးချို၊ သွေးတိုးရောဂါရှိသူများကိုလည်း စောင့်ရှောက်ပေးပြီး ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း မိခင်နှင့်ကလေးကျန်းမာရေးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ဝင်းမင်းထွန်း (မြစ်သား)