မိုင်းနောင် နိုဝင်ဘာ ၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့၊ အထက ကျောင်းခန်းမ၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံ အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်မိဘပြည်သူများ အဆင်ပြေပြေ ဆန္ဒမဲ ပေးနိုင်ရေးအတွက် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ ဆင့်ပွားသင်တန်းကို ယနေ့ နံနက်(၉)နာရီအချိန်က ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာကြီး ဦးဇော်လှိုင်ထွန်းက မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲဝင်များအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ သတ်မှတ်စည်းကမ်းများနှင့်အညီ မိမိတို့ တာဝန်ကျသည့် ကဏ္ဍအလိုက် လုပ်ဆောင်ရမည့် တာဝန်နှင့်ဝတ္တရားများ၊ စောင့်ထိန်းရမည့် စည်းကမ်းချက်များ၊ လိုက်နာဆောင်ရွက်ရမည့် အရေးကြီး လမ်းညွှန်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ မဲစာရင်းစစ်ဆေးသူနှင့် မဲစာရင်းထုတ်ပေးသူများ၏ တာဝန်များကို အထက်တန်းပြ ဆရာမဒေါ်သီတာစိုးက လည်းကောင်း ၊မှင်တို့နှင့် လုံခြုံရေးတာဝန်ကျသူများ ဆောင်ရွက်ရမည့် အချက်များကို ဒေါ်နွယ်နွယ်အောင်က လည်းကောင်း ရှင်းလင်းပေးခဲ့ကြသည်။
မဲရုံများတွင် ပါဝင်ကူညီကြသောဒေသခံ မဲရုံအဖွဲ့ဝင်များကိုလည်း ဒေါ်နန်းမြအေးနှင့် ဒေါ်နန်းနုနွမ်းတို့က ဒေသဘာသာစကားဖြင့် ထပ်ဆင့်ရှင်းလင်းပေးခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ဆင့်ပွားသင်တန်းသို့တက်ရောက်လာသော မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များအား တာဝန်ကျ ရပ်ကွက်ကော်မရှင် အဖွဲ့ခွဲ အတွင်းရေးမှူးများက မဲရုံအတွင်းပြင်ဆင်ထားရှိမှုများ ပြသကာ မဲဆန္ဒရှင်များ စနစ်တကျမဲပေးနိုင်ရန် လက်တွေ့သရုပ်ပြခြင်းများပြုလုပ်ပေးခဲ့ကြောင်း သိရှိရသည်။
မိုင်းနောင် ပြန်/ဆက်