မိုးကောင်းမြို့၌ ၂၀၂၃ ခုနှစ် ပါဠိပထမပြန်စာမေးပွဲတွင် အောင်မြင့်ခဲ့သော သံဃာတော်များနှင့် သီလရှင်များအား အောင်လက်မှတ်နှင့် စာအောင်ဆုငွေ ဆက်ကပ်လှူဒါန်း

မိုးကောင်း ဧပြီ ၂

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့ ၂၀၂၃ ခုနှစ် ပါဠိပထမပြန်စာမေးပွဲတွင် အောင်မြင့်ခဲ့သော သံဃာတော်များနှင့် သီလရှင်များအား အောင်လက်မှတ်နှင့် စာအောင်ဆုငွေ ဆက်ကပ်လှူဒါန်းပွဲကို မဟာတိလောကရာမစာသင်တိုက် လေးထပ်ကျောင်းဆောင်၌ ဧပြီ(၁)ရက် နေ့လယ်(၁)နာရီတွင် ကျင်းပခဲ့ရာ မြို့နယ်သံဃာနာယကဥက္ကဋ္ဌဆရာတော် အမှူးပြုသော ဆရာတော် သံဃာတော်များ၊ စာအောင်သံဃာနှင့် သီလရှင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့ပေါ်ရပ်ကွက်မှ ဝတ်ရွတ်အသင်းများ တက်ရောက်သည်။

အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ပြီး မြို့နယ်သံဃာနာယကဥက္ကဋ္ဌ သောင်ဦးကျောင်းတိုက်ဆရာတော်ထံ ငါးပါးသီလခံယူဆောက်တည်ကြသည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်ဦးမျိုးဝင်းက သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

ထို့နောက် ၂၀၂၃ ခုနှစ် ပါဠိပထမပြန်စာမေးပွဲ မိုးကောင်းစာစစ်ဌာနတွင် အောင်မြင်တော်မူကြသည့် ပထမကြီးတန်း(၂)ပါး၊ ပထမလတ်တန်း(၃)ပါး၊ ပထမငယ်တန်း(၁၆)ပါး၊ အခြေပြုမူလတန်း (၂၈)ပါး စုစုပေါင်းစာအောင်သံဃာ/ သီလရှင်(၄၉)ပါးတို့အား မြို့နယ်အဆင့်ဌာနဆိုင်ရာများက အောင်လက်မှတ်နှင့် စာအောင်ဆုငွေများ ဆက်ကပ်လှူဒါန်းကြပြီး ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုအခမ်းအနားပြီးမြောက်ခဲ့ကြောင်း သိရသည်။

သန်းလွင်ဦး(ပြန်/ဆက်)