မွန်ပြည်နယ် သထုံမြို့နယ်၌ မိုးစပါးစံကွက်ရိတ်သိမ်းပွဲပြုလုပ်

သထုံ    နိုဝင်ဘာ    ၅

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် နိုဝင်ဘာလ ၅ ရက်၊ နံနက်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးဆောင်၍ မြေနီကုန်းကျေးရွာ၊ ကွင်းအမှတ် ၆၄၆ ရှိ စိုက်ပျိုးရေးဦးစီးဌာန၏ မိုးစပါးစိုက်ခင်း၌ စံကွက် ရိတ်သိမ်းခြင်းကို ပြုလုပ်ခဲ့သည်။

မိုးစပါးစံကွက်ရိတ်သိမ်းရာတွင် သထုံခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦး‌စောလှကြည်နှင့် ဝန်ထမ်း များ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုကော်မတီဝင်များ၊ ဌာနဆိုင်ရာများတို့က မိုးစပါးစံကွက်၌ စိုက်ပျိုးထားသော ပေါ်ဆန်းရင်စပါးများကို ရိတ်သိမ်းခဲ့ရာ စပါးအထွက်နှုန်း(အစိုတင်း) တစ်ဧက လျှင် (၆၀) တင်း ထွက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

သထုံမြို့နယ်တွင် မိုးစပါး ဧကပေါင်း ၁ သိန်း ၃ သောင်းကျော် စိုက်ပျိုးထားပြီး စိုက်ပျိုးရေး ဦးစီးဌာနအနေဖြင့် စိုက်ဧကများ ရိတ်သိမ်းချိန်၌ ပျက်စီးဆုံးရှုံးမှုမရှိရေး တောင်သူနည်းပညာပေး အစီအစဉ်များအား စဉ်ဆက်မပြတ် လိုက်လံဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

သက်ဦး(သထုံ)