မလှိုင်မြို့နယ်၌ ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၊ မြို့နယ်မြေစာရင်းဦးစီးဌာန ရုံးဆိုင်ဘုတ်အသစ်ဖွင့်ပွဲ အခမ်းအနားကျင်းပ

မလှိုင် ဧပြီ  ၂

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်မြေစာရင်းဦးစီးဌာနရုံးရှေ့တွင် စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၊ မြို့နယ်မြေစာရင်းဦးစီးဌာန ရုံးဆိုင်ဘုတ် အသစ်တင် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်(၈)နာရီခွဲအချိန်က မလှိုင်- မိတ္ထီလာသွား ကားလမ်းမဘေးရှိ အဆိုပါရုံးရှေ့၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ နံနက်(၆)နာရီခွဲအချိန်တွင် မြို့နယ်မြေစာရင်းဦးစီးဌာန အစည်းအဝေးခန်းမ၌ ပင့်သံဃာ(၅)ပါးတို့အား အာရုဏ်ဆွမ်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။ ထို့နောက် မင်္ဂလာအချိန်ဖြစ်သည့် (၈)နာရီခွဲအချိန်တွင် မလှိုင်မြို့နယ်မြေစာရင်းဦးစီးဌာန ရုံးဆိုင်ဘုတ်အသစ်အား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့်မြို့နယ်မြေစာရင်းဦးစီးဌာနမှူး ဦးအောင်ကိုကိုတို့က ရွှေကြိုးဆွဲ ဖွင့်လှစ်ပေးခဲ့ပြီး ဆိုင်ဘုတ်သစ်အား အမွှေးနံ့သာရည်များ ပက်ဖြန်းပေးခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ မလှိုင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်မြေစာရင်းဦးစီးဌာနမှူး ဦးအောင်ကိုကိုနှင့် ဝန်ထမ်းများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ခဲ့ကြပြီး မုန့်ဟင်းခါးများဖြင့် တည်ခင်းဧည့်ခံခဲ့ကြကြောင်း သိရသည်။

ယနေ့ဖွင့်လှစ်ခဲ့သော ဆိုင်းဘုတ်အသစ်မှာ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်ဦးစီးဌာန အမည်မှ ဌာန၏မူလအမည်ဖြစ်သည့် ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနအမည်သို့  ပြင်ဆင်ပြောင်းလဲ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။

အောင်ဌေး(မလှိုင်)