မိုင်းယောင်း ဧပြီ ၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် မုန်းလိုက်အုပ်စု မိုင်းဟန်ကျေးရွာရှိ ထေရဝါဒဗုဒ္ဓသာသနာပြု(မိုင်းဟန်)ကျောင်းတွင် ယမန်နေ့က အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ထေရဝါဒဗုဒ္ဓသာသနာပြု(မိုင်းယု)ကျောင်းဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝိစိတ္တသာရ အမှူးပြုသော ဆရာတော်သံဃာတော်များ၊ အမှတ်(၅၇၃)ခြေမြန်တပ်ရင်း တပ်ရင်းမှူးနှင့်ဇနီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေနှင့် ဧည့်ပရိသတ်များက နမောတဿသုံးကြိမ် ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ပြီး ထေရဝါဒဗုဒ္ဓသာသနာပြု (မိုင်းဟန်)ကျောင်းဆရာတော် သဒ္ဓမ္မဇောတိက ဘဒ္ဒန္တဇဋိလထံမှ ငါးပါးသီလခံယူဆောက်တည်ခြင်း၊ မေတ္တာသုတ်တော်များ နာယူကြည်ညိုခြင်းနှင့် ထေရဝါဒဗုဒ္ဓသာသနာပြု(မိုင်းယု)ကျောင်းဆရာတော်ထံမှ ဩဝါဒကထာများ နာယူကြည်ညိုခဲ့ကြသည်။
ထို့နောက် မိုင်းယောင်းမြို့နယ် ထေရဝါဒဗုဒ္ဓသာသနာပြု(မိုင်းဟန်)ကျောင်းဆရာတော်မှ ပဋ္ဌာန်းဒေသနာတော်ရွတ်ဖတ်ရန် တိုက်တွန်းနှိုးဆော်လွှာ ဂါထာဖတ်ကြားခြင်း၊ ကြွရောက်လာသော ဆရာတော်သံဃာတော်အရှင်သူမြတ်များနှင့် ဧည့်ပရိတ်သတ်များက ပဋ္ဌာန်းပစ္စယုဒ္ဒေသ သုံးကြိမ်သံပြိုင်ရွတ်ဆို၍ အလှည့်ကျဘာဏကဆရာတော်များမှ ပဋ္ဌာန်းတရားတော်ကို ဆက်လက်ရွတ်ဖတ်ပူဇော်ခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေ မိသားစုတို့က ထေရဝါဒဗုဒ္ဓသာသနာပြု (မိုင်းဟန်)ကျောင်းဆရာတော်အား ပရိက္ခရာ(၈)ပါးကို ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ထွန်းမြင့်လှိုင်(ပြန်/ဆက်)