ကချင်ပြည်နယ်ဝန်ကြီးချုပ် စပါးသီးနှံရိတ်သိမ်းအပြီး ပဲပုပ်သီးထပ်စိုက်ပျိုးခြင်းဖြင့် သီးနှံစွမ်းအား မြှင့်တင်နိုင်ရေး ကွင်းသရုပ်ပြပွဲသို့ တက်ရောက်၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ဒုတိယနှစ်စက်ဝန်း လည်ပတ်နိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား ဧပြီ

ကချင်ပြည်နယ်အတွင်း စားရေရိက္ခာဖူလုံရေးနှင့် သီးထပ်စိုက်ပျိုးစွမ်းအား မြင့်မားလာစေရေးအတွက် စပါးသီးနှံရိတ်သိမ်းအပြီး ပဲပုပ်သီးထပ်စိုက်ပျိုးခြင်းဖြင့် သီးနှံစွမ်းအားမြှင့်တင်နိုင်ရေးအတွက် မြစ်ကြီးနား၊ ဝိုင်းမော်နှင့် မိုးကောင်းမြို့နယ်များမှ တောင်သူများအား ကွင်းသရုပ်ပြပွဲနှင့် ဆွေးနွေးပွဲ အခမ်းအနားကို ဧပြီ ၁ ရက် နံနက် ၉ နာရီက မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်နှင့် တပ်ကုန်းရပ်ကွက်အတွင်းရှိ ဗလမင်းထင်စံပြစိုက်ကွင်းအတွင်း ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ စံပြစိုက်ကွင်းအတွင်း တောင်သူများ၏လယ်၌ မဲခေါင်-လန်ချန်းစီမံကိန်းရန်ပုံငွေဖြင့် စိုက်ပျိုးအောင်မြင် ဖြစ်ထွန်းလျက်ရှိသည့် လယ်သီးထပ်ဆောင်းသီးနှံ ပဲပုပ်စိုက်ခင်းအတွင်း တောင်သူများအား ကွင်းသရုပ်ပြပွဲ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးဦးဌေးလွင်က သီးနှံများစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားလာစေရေး စံပြကွင်းအတွင်း လယ်များတွင် စပါးအပြီး ပဲပုပ်သီးထပ်စိုက်ပျိုးဆောင်ရွက်ခဲ့မှု၊ အောင်မြင်ဖြစ်ထွန်းမှု အခြေအနေများနှင့် စပါးအပြီး လယ်သီးထပ် ပဲပုပ်စိုက်ပျိုးခြင်းဖြင့် တောင်သူများ အကျိုးဖြစ်ထွန်းနိုင်မှု အခြေအနေများကို လက်တွေ့သရုပ်ပြ ရှင်းလင်းခဲ့သည်။

ထို့နောက်စံပြကွင်း(တပ်ကုန်းကွင်း)ဘက်၌ တောင်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားကို ဆက်လက်ကျင်းပပြုလုပ်ခဲ့ပြီး ပြည်နယ်ဦးစီးမှူးက ဗလမင်းထင်စံပြစိုက်ကွင်းအတွင်း (၃)နှစ်အတွင်း စပါးအထွက်နှုန်းတိုးပွားရေး၊ လယ်သီးထပ်များ တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် မြေယာပြုပြင် ခြင်းအဆင့်မှစတင်၍ သီးထပ်သီးနှံများ စမ်းသပ်စိုက်ပျိုးခဲ့မှု အခြေအနေများ၊ ပြည်နယ်ရန်ပုံငွေဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည့် အခြေအနေများကို ရှင်းလင်းတင်ပြရာ တက်ရောက်လာကြသည့် မြစ်ကြီးနား၊ ဝိုင်းမော်၊ မိုးကောင်းမြို့နယ်များအတွင်းရှိ ကျေးလက်နေတောင်သူများက စိုက်ပျိုးရေး လုပ်ငန်းများနှင့်ပတ်သက်၍ အခြေခံလိုအပ်ချက်များဖြစ်သည့် စိုက်ပျိုးရေရရှိရေး၊ လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ်ရရှိရေး၊ ကျွဲနွားအန္တရာယ်နှင့် လယ်ထွန်စက်ရရှိရေး စသည့် လိုအပ်ချက်များကို တင်ပြဆွေးနွေးကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာကဏ္ဍအလိုက် ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်း စားရေရိက္ခာဖူလုံရေးအတွက် နှစ်စဉ် ဘဏ္ဍာနှစ်အလိုက် ရန်ပုံငွေများ ခွဲဝေလျာထားပြီး ဆန်စပါးအထွက်နှုန်း၊ ဆီထွက်သီးနှံအပါအဝင် သီးနှံစိုက်ပျိုးစွမ်းအား တစ်နှစ်ထက်တစ်နှစ် တိုးတက်မြင့်မားရေးကို စီမံချက်များရေးဆွဲဆောင်ရွက် လျက်ရှိသည့်အပြင် တောင်သူများ၏ အဓိကလိုအပ်ချက်ဖြစ်သည့် မျိုး၊ မြေ၊ ရေ၊ နည်းများကိုလည်း စိုက်ပျိုးချိန်မီ ဖြည့်ဆည်းထောက်ပံ့လျက်ရှိကြောင်း၊ ယနေ့တက်ရောက်လာကြသည့် တောင်သူများ အနေဖြင့်လည်း စိုက်ပျိုးရေးကဏ္ဍအတွက် လိုအပ်ချက်များအပေါ် သက်ဆိုင်ရာဌာနများ၊ ပြည်နယ် အစိုးရအဖွဲ့တို့နှင့်အတူ အဆက်မပြတ် ချိတ်ဆက်ဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း နိဂုံးချုပ် အမှာစကားပြောကြားခဲ့ပြီး တောင်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် မွန်းလွဲပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဒုတိယနှစ်စက်ဝန်း လည်ပတ်လျက်ရှိသည့် လုပ်ငန်းစီမံကိန်း အခြေအနေများနှင့် စပ်လျဉ်း၍ ပြည်နယ်အဆင့် ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေများ ဒုတိယနှစ်စက်ဝန်းအတွက် မြို့နယ်များအလိုက် စိစစ်တင်ပြလာသည့် လုပ်ငန်းစီမံကိန်းများအပေါ် ချေးငွေထုတ်ချေးနေမှု အခြေအနေများ၊ လုပ်ငန်းစီမံကိန်းများကို စိစစ်ရွေးချယ်ရာတွင် ဒေသအခြေအနေပေါ်မူတည်၍ ချေးငွေများချထားပေးနိုင်ရေး၊ လက်စွဲစာအုပ်ပါ အချက်များနှင့်အညီ ဆောင်ရွက်ခြင်းဖြင့် အရင်းမပျောက်မတည်ငွေများ တိုးပွားလာသည်နှင့်အမျှ လုပ်ငန်းစီမံကိန်းများ ပိုမိုတိုးချဲ့မတည်ပေးနိုင်ရေး၊ ဒေသတွင်း စာရေးရိက္ခာဖူလုံပိုလျှံရေးအတွက် အဓိကထား၍ စနစ်တကျ စီမံခန့်ခွဲပေးကြရမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးဆောင်ရွက်သော ပြည်နယ်အဆင့် ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေက နိုင်ငံ့စီးပွားမြှင့်တင်ရေး မတည်ရန်ပုံငွေနှင့် စပ်လျဉ်း၍ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်း၊ အမိန့်ညွှန်ကြားချက်များကို ရှင်းလင်းပြောကြားပြီး ပြည်နယ်အဆင့်ကော်မတီအတွင်းရေးမှူး၊ ပြည်နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက ဒုတိယနှစ်စက်ဝန်းအတွက် ချေးငွေချထားပေးနေမှု အခြေအနေများနှင့် မြို့နယ်များအလိုက် တင်ပြလာသည့် လုပ်ငန်းစီမံကိန်းများ အတည်ပြုဆုံးဖြတ်ပေးရမည့် စီမံကိန်းများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ပြည်နယ်အဆင့်ကော်မတီအဖွဲ့ဝင်များနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက မြို့နယ်များအလိုက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်သမဝါယမလုပ်ငန်းများအပေါ် ဒုတိယနှစ် စက်ဝန်းအတွက် ချေးငွေများ ချထားပေးနိုင်ရေး တင်ပြလာမှုများ၊ ထပ်မံတောင်းဆိုတင်ပြလာသည့် လုပ်ငန်းစီမံကိန်းများကို သုံးသပ်ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းကဏ္ဍအလိုက် စီမံကိန်းလုပ်ငန်း တစ်ခုချင်းအပေါ် ချေးငွေများစိစစ်ချထားပေးနိုင်ရေး ကော်မတီအဖွဲ့ဝင်များနှင့် ညှိနှိုင်းပေါင်းစပ်၍ ဆွေးနွေးအတည်ပြုခဲ့ကြသည်။

ထို့အတူ ပြည်နယ်ဝန်ကြီးချုပ်သည် မတ် ၃၁ ရက် ညနေပိုင်းကလည်း ပြည်နယ်အစိုးရအဖွဲ့ရုံး ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ တက္ကသိုလ်ဝင်တန်း (Grade-12) အောင်ချက်မြင့်မားရေးအတွက် အနီးကပ်သင်ကြားပို့ချပြသပေးခဲ့ကြသော မြစ်ကြီးနားတက္ကသိုလ်ပါမောက္ခချုပ်နှင့် ပါမောက္ခဌာနမှူးများ၊ ပါမောက္ခများ၊ ဆရာ၊ ဆရာမများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၂၅)နှစ်အောက် ဘောလုံးပြိုင်ပွဲတွင် ဒုတိယဆုရရှိခဲ့သော ပြည်နယ်လက်ရွေးစင်ဘောလုံးအသင်းတို့အား ဂုဏ်ပြုပွဲအခမ်းအနား ကို ကျင်းပပြုလုပ်ခဲ့သည်။

ဂုဏ်ပြုပွဲအခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်၏ပညာရေးကဏ္ဍနှင့်အားကစား ကဏ္ဍအဆင့်အတန်းမြင့်မားရေးကို ဖော်ဆောင်ပေးခဲ့ကြသည့် ဂုဏ်ပြုသင့်၊ ဂုဏ်ပြုထိုက်သူများကို အထူးပင်ဝမ်းမြောက်ဂုဏ်ယူကျေးဇူးတင်ရှိကြောင်း ဂုဏ်ပြုပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က တက္ကသိုလ်ဝင်တန်း(Grade-12) အောင်ချက်မြင့်မားရေး အတွက်အနီးကပ် ကြီးကြပ်သင်ကြားပြသပေးခဲ့သော မြစ်ကြီးနားတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာအောင်ဝင်း၊ ဒုတိယပါမောက္ခချုပ်များ၊ စာစစ်မှူးများနှင့် ဒုတိယစာစစ်မှူးများအတွက် ဂုဏ်ပြုချီးမြှင့် ငွေကျပ်(၆၅)သိန်းကို လည်းကောင်း၊ ၂၀၂၄ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲတွင် ဒုတိယဆုနှင့်အတူ ပွဲစဉ်တစ်လျှောက် အကောင်းဆုံးကစား သမားဆုနှင့် ဂိုးသမားအကောင်းဆုံးဆု ရရှိခဲ့သော ပြည်နယ်လက်ရွေးစင်ဘောလုံးအသင်းအတွက် ပြည်နယ်အစိုးရအဖွဲ့က ငွေကျပ်သိန်း ၁၀၀၊ ပြည်နယ်ဝန်ကြီးချုပ်က ငွေကျပ်(၂၅)သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် စေတနာ့အလှူရှင်များကစုပေါင်း၍ ဂုဏ်ပြုချီးမြှင့်ငွေကျပ် (၃၃၇)သိန်းကို အသီးသီး ဂုဏ်ပြုချီးမြှင့်ပေးအပ်ခဲ့ကြပြီး ဂုဏ်ပြုညစာကို အတူတကွ သုံးဆောင်ခဲ့ကြကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)