တံတားဦးမြို့တွင် ပုံမှန်ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းကို  မွေးကင်းမှစတင်၍ (၁)နှစ်ခွဲအထိ ကလေးငယ်များနှင့်  ကိုယ်ဝန်ဆောင် မိခင်လောင်းများအား ကာကွယ်ဆေးထိုးနှံပေး

တံတားဦး ဧပြီ  ၂

တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် ကျန်းမာရေးဝန်ထမ်းများက ပုံမှန်ကာကွယ် ဆေးထိုးခြင်းနှင့် တိုက်ကျွေးလုပ်ငန်းကို တံတားဦးမြို့ပေါ်ရှိ ရပ်ကွက်( ၁ ၊ ၂ ၊ ၃ )အုပ်စုများမှ ရပ်ကွက်များအတွင်းရှိ မွေးကင်းစမှ အသက်(၁)နှစ်ခွဲအထိကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်လောင်းများအား ယမန်နေ့ နံနက်ပိုင်းက  မြို့နယ်ပြည်သူ့ဆေးရုံကြီးအတွင်းရှိ သံဃာ့ဆေးကုသဆောင်၌ ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကာကွယ်ဆေးများကို မွေးကင်းစမှ အသက်(၁)နှစ်ခွဲကလေးငယ်များအား သတ်မှတ်ထားသည့် အကြိမ်နှင့် အသက်အရွယ်တွင် ဆေးထိုး၊ ဆေးတိုက်ပေးနိုင်မှသာလျှင် ကလေးများ၌ ပြင်းထန်တီဘီရောဂါ၊ ဆုံဆို့နာရောဂါ၊ ကြက်ညှာချောင်းဆိုးရောဂါ၊ မေးခိုင်ရောဂါ၊ အသည်းရောင် အသားဝါ(ဘီ)ရောဂါ၊ ဦးနှောက်အမြှေးရောင်ရောဂါ၊ ပြင်းထန်အဆုတ်ရောဂါ၊ ပိုလီယိုအကြောသေရောဂါ၊ ပြင်းထန်ဝမ်းပျက် ဝမ်းလျှောရောဂါ၊ ဂျပန်ဦးနှောက်ရောင်ရောဂါ၊ ဝက်သက်ရောဂါ ဂျိုက်သိုးရောဂါနှင့် သားအိမ်ခေါင်း ကင်ဆာရောဂါတို့မှ ကာကွယ်ပေးနိုင်မည်ဖြစ်သည်။ ကာကွယ်ဆေးများထိုးနှံ‌ပေးရာတွင် မွေးကင်းစ၊ နှစ်လ၊ လေးလ၊ ခြောက်လ၊ ကိုးလ၊ တစ်နှစ်ခွဲဟူ၍ လအလိုက် နှစ်အလိုက် ခွဲခြားပြီး ထိုးနှံပေးခြင်း ဖြစ်ကြောင်း သိရသည်။

တံတားဦးမြို့နယ် အမှတ်(၁)ရပ်ကွက်၊ အမှတ်(၂)ရပ်ကွက်၊ အမှတ်(၃)ရပ်ကွက်တို့မှ  မွေးကင်းစမှ အသက်တစ်နှစ်အခွဲထိ ကလေးငယ်စုစုပေါင်း(၈၂)ဦးနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီး(၂၇)ဦးတို့ကို ကာကွယ်ဆေးထိုးနှံပေးခဲ့ပါကြောင်း၊ ဆေးထိုးခြင်းနှင့် ဆေးတိုက်ခြင်းလုပ်ငန်းများကို လစဉ်လဆန်း (၁)ရက်နေ့မှစတင်၍ ကျေးလက်ကျန်းမာရေးဌာန၊ ကျေးလက်ကျန်းမာရေးဌာနခွဲများနှင့် ရပ်ကွက်၊ ကျေးရွာအုပ်စု စုရပ်များတွင် ထိုးနှံ၊ တိုက်ကျွေးပေးလျက်ရှိကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ရဲတင့်(ပြန်/ဆက်)