နေပြည်တော် ဧပြီ ၂
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ဒေသစိမ်းလန်းစိုပြည်ရေးနှင့် သန့်ရှင်းသာယာလှပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ (၁) ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနကြီးမှူးများ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ကို Green City, Clean City, Smart City အဖြစ် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ကို မြို့တော်အင်္ဂါရပ်နှင့်အညီ စိမ်းလန်းစိုပြည်ရေး၊ သန့်ရှင်းသာယာလှပရေး၊ အမှိုက်များ စနစ်တကျစွန့်ပစ်စေရေး၊ ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်ရေး၊ နေပြည်တော်အတွင်းရှိ မြစ်ချောင်းများအတွင်း ရေစီးရေလာကောင်းမွန်ရေး၊ ချောင်းကမ်းဘေးများ သန့်ရှင်းသာယာလှပစေရေးကို ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ ဆည်များနှင့် ရေဝင်ရေလဲဧရိယာများတွင် ကြီးမြန်သစ်ပင်များ စိုက်ပျိုးရေး၊ စိမ်းလန်းစိုပြည်ရေးတို့ကို ပြည်သူလူထုများနှင့် ပူးပေါင်းပြီး ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာများက နေပြည်တော်အတွင်း ဒေသစိမ်းလန်းစိုပြည်ရေးနှင့် သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်မည့်အခြေအနေများကို သက်ဆိုင်ရာကဏ္ဍများအလိုက် အသီးသီးရှင်းလင်းတင်ပြကြသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)