လှည်းကူးမြို့နယ်၌ မြေစာရင်းဦးစီးဌာနမိသားစု ပရိတ်တရားတော်နာယူခြင်းနှင့် ဆိုင်းဘုတ်တင်ခြင်း အခမ်းအနားကျင်းပ

လှည်းကူး ဧပြီ ၁

ရန်ကုန်တိုင်းဒေသကြီး လှည်းကူးခရိုင် လှည်းကူးမြို့နယ်တွင် မြေစာရင်းဦးစီးဌာနမိသားစု ပရိတ်တရားတော်နာယူခြင်းနှင့်ဆိုင်းဘုတ်တင်ခြင်း အခမ်းအနားကို ယနေ့နံနက် ၆ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဝန်ကြီးဌာနကိုယ်စားပြုခရိုင်ရုံး၊ လှည်းကူးခရိုင်မိသားစုများနှင့် မြို့နယ်မြေစာရင်းဦးစီးဌာန မိသားစုတို့က ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များထံမှ ငါးပါးသီလနှင့် ပရိတ်တရားတော်များနာယူခဲ့ကြသည်။ ဆက်လက်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနအမည်မှ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနအမည်သို့ ဧပြီလ ၁ ရက်မှစတင်၍ ပြောင်းလဲပြင်ဆင်ခြင်းဖြစ်သော လှည်းကူးမြို့နယ် မြေစာရင်းဦးစီးဌာနအမည်ဖြင့် ဆိုင်းဘုတ်တင်ခြင်းအခမ်းအနားကိုကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးစိုးစိုးနိုင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက မြို့နယ်မြေစာရင်းဦးစီးဌာနဆိုင်းဘုတ်အား အမွှေးနံ့သာရည်များဖြင့် ပက်ဖြန်း၍ ဖွင့်လှစ်ပေးခဲ့သည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူး စိုးစိုးနိုင်၊ မြို့နယ်မြေစာရင်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်ဆွေအေးနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။

အေးအေးနွဲ့ (ပြန်/ဆက်)