ကျောက်တန်း နိုဝင်ဘာ ၅
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ မဲရုံများတွင် အသုံးပြုမည့် မဲပုံးများနှင့် မဲရုံသုံးပစ္စည်းများကို ယနေ့နံနက်ပိုင်းမှ စတင်ပြီး ရန်ကုန်တောင်ပိုင်းခရိုင်၊ ကျောက်တန်း မြို့နယ် ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများထံသို့ ထုတ်ပေးလျက်ရှိ ကြောင်း သိရသည်။
ထိုသို့ထုတ်ပေးရာတွင် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကြီးကြပ်ပြီး ဆန္ဒမဲ လက်မှတ်များ၊ မင်အိုး၊ ဆန္ဒပြုခန်း၊ ခြင်း၊ ဆာလာအိတ်များကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများထံသို့ ထုတ်ပေးခဲ့ပြီး ကျန်ရှိသော မဲရုံများအတွက်လည်း ဆက်လက် ထုတ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ကျောက်တန်းမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု(၅၈)အုပ်စု၊ မဲရုံ (၁၉၂) ရုံ ၊ ဆန္ဒမဲပေးပိုင်ခွင့် ရှိသည့် မဲဆန္ဒရှင် အရေအတွက်မှာ တစ်သိန်းသုံးသောင်းကျော်၊ ကြိုတင်ဆန္ဒမဲပေးသူ ဦးရေ(၁၈၀၀၀)ဦးကျော်ရှိပြီး မင်အိုး (၂၇၄) ခု၊ ဆန္ဒပြုခန်း(၁၂၀၇)ခု၊ ခြင်း(၁၅၃၆)ခု၊ ဆာလာအိတ်(၁၁၅၂)အိတ်တို့အား ထုတ်ပေးခဲ့ကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ရွေးကောက်ပွဲအရာရှိထံမှ သိရသည်။
ခင်ဆွေဝင်း (ကျောက်တန်း)