ရေးမြို့နယ်၌ ပြည်သူပူးပေါင်းပါဝင်သော မြို့နယ်စီမံကိန်းရေးဆွဲခြင်း (ဒုတိယအကြိမ်) အလုပ်ရုံဆွေးနွေးပွဲကျင်းပ

ရေး ဖေဖော်ဝါရီ ၂၅

မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် ကုလသမဂ္ဂအဖွဲ့ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) တို့ ပူးပေါင်းကာ ပြည်သူပူးပေါင်းပါဝင်သော မြို့နယ်စီမံကိန်းရေးဆွဲခြင်း (ဒုတိယအကြိမ်) အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံဝင်းက အမှာစကားပြောကြားပြီး ပြည်နယ်(UNDP)မှ ညှိနှိုင်းရေးမှူး ဒေါ်နီနီလွင်က အဖွင့်အမှာစကားပြောကြားသည်။ ပထမအကြိမ် ဆွေးနွေးပွဲကို ပြန်လည် သုံးသပ်ကြပြီး ကဏ္ဍအလိုက် အဓိကပြဿနာများနှင့် အဆိုပြုဗျူဟာများ၊ ရည်မှန်းချက်များ သတ်မှတ်ဖော်ထုတ်ခြင်း အုပ်စုလိုက်ဆွေးနွေးခြင်း ရလဒ်များကို ပြန်လည်တင်ပြခြင်း၊ ဦးစားပေးကဏ္ဍ သတ်မှတ်ခြင်း၊ အဓိကဖွံ့ဖြိုးရေးဆိုင်ရာ ပြဿနာများကို ဖော်ထုတ်ခြင်းနှင့် ဖြေရှင်းမည့် လုပ်ငန်းစီမံချက်များကို အဆိုပြုတင်ပြခြင်း၊ ထွက်ပေါ်လာသည့် အဆိုပြုစီမံချက်များကို ၂၀၂၀-၂၀၂၁ ဘဏ္ဍရေးနှစ် လျာထားချက်များနှင့် ကိုက်ညီသုံးသပ်ခြင်း၊ စီမံချက်များကို ဦးစာပေးအဆင့် သတ်မှတ်ခြင်း၊ စီမံကိန်းအခင်းအကျင်းများ၊ စီမံကိန်းအချက်အလက်များ ပြုစုခြင်းတို့ကို တက်ရောက်သူများက အုပ်စုများဖွဲ့၍ ဆွေးနွေးခဲ့ကြသည်။

အလုပ်ရုံဆွေးနွေးပွဲသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ(၄၄)အုပ်စုအုပ်ချုပ်ရေးမှူးများ၊ အမျိုးသမီး ဆယ်အိမ်မှူးများ၊ အရပ်ဘက်အဖွဲ့အစည်းများ တက်ရောက်ခဲ့ကြပြီး ဆွေးနွေးပွဲကို နှစ်ရက်ကြာ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

အောင်ဖြိုး(ပြန်/ဆက်)