ညောင်ဦးခရိုင်အတွင်းရှိ ပြည်သူ ၆၄၉၁၀ ဦးကို ဇီဝဆိုင်ရာအချက်အလက် ကောက်ယူစိစစ်ခြင်းနှင့် Unique ID များ ထုတ်ပေးပြီးစီး

ညောင်ဦး  ဧပြီ  ၁

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဇီဝဆိုင်ရာအချက်အလက်ကောက်ယူစိစစ်ခြင်းနှင့် Unique ID ထုတ်ပေးခြင်းလုပ်ငန်းများနေ့စဉ် ဆောင်ရွက်လုပ်ကိုင်ပေးလျက်ရှိရာ ယနေ့အထိ ပြည်သူ ၆၄၉၁၀ ဦး၏ ဇီဝဆိုင်ရာ အချက်အလက်များ ကောက်ယူစိစစ်ပြီးပြီဖြစ်ကြောင်း သိရသည်။

ညောင်ဦးမြို့နယ်နှင့် ကျောက်ပန်းတောင်းမြို့နယ်တို့ရှိ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ထမ်းများသည် သတ်မှတ်နေရာများအလိုက် အုပ်စုများခွဲကာ ဇီဝဆိုင်ရာအချက်အလက်ကောက်ယူစိစစ်ခြင်း၊ သတ်မှတ်နေရာများသို့ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ယူဆောင်လာစေကာ ဇီဝဆိုင်ရာအချက်အလက်ကောက်ယူပြီး Database တွင် သိမ်းဆည်းခြင်းများအပြင် Unique ID နံပါတ်ပါကတ်ပြားများကို နေ့ချင်းပြီး ထုတ်ပေးလျက်ရှိသည်။

အဆိုပါလုပ်ငန်းများကို အခြေခံပညာကျောင်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စုများတွင် စုစည်း၍ အသက်(၁၀)နှစ်အထက်ရှိသူများကို ဆောင်ရွက်ပေးခြင်းဖြစ်ပြီး ပြည်သူများ၏ လူမှုစီးပွားရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ရာတွင် ပိုမိုလွယ်ကူမြန်ဆန်စေရန်၊ မြန်မာနိုင်ငံအတွင်းနေထိုင်သူများကို စိစစ်နိုင်သည့် တစ်ခုတည်းသောနံပါတ် Unique ID ထုတ်ပေးရန် Online စနစ်ဖြင့် ဝန်ဆောင်မှုလုပ်ငန်းများဆောင်ရွက်နေသည့် အစိုးရနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများအတွက် မည်သူမည်ဝါဖြစ်ကြောင်း စစ်ဆေးနိုင်မည့်အခြေခံစနစ် တည်ဆောက်ရန်တို့အတွက် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်တာဝန်ရှိသူများထံက သိရသည်။

ဒီပါလင်း