တာမွေမြို့နယ်တွင် အခြေခံပန်းချီရေးဆွဲနည်းသင်တန်းဖွင့်ပွဲကျင်းပ

တာမွေ ဧပြီ ၁

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ် အဝေရာလမ်းရှိ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့နံနက်ပိုင်းအချိန်က အခြေခံပန်းချီရေးဆွဲနည်း(အခမဲ့)သင်တန်းဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် တာမွေမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်မို့မို့အောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး သင်တန်းနည်းပြဆရာ မောင်ယဉ်ဝေ(ဥက္ကလာ)က သင်တန်းပို့ချချက်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ စာရေးဆရာမ ဒေါ်မြမဉ္ဇူဝေ(ကျုံမငေး)က သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ အခြေခံပန်းချီရေးဆွဲနည်းသင်တန်းတွင် ပန်းချီပညာရပ်၏ အခြေခံသဘောတရားများ၊ ရှုခင်းအလှ ပန်းချီ၊ လူပုံနှင့် တိရစ္ဆာန်ပုံရေးဆွဲနည်းများ၊ အရောင်တို့၏ အနက်အဓိပ္ပာယ်၊ အရောင်တို့မှပေးသော ခံစားမှုရသများနှင့်ပတ်သက်၍ သင်တန်းသား/သူ(၄၀)ဦးခန့်အား ၂၀၂၄ ခုနှစ် ဧပြီလ(၁)ရက်နေ့ ဧပြီလ(၅)ရက်နေ့အထိ ငါးရက်ကြာ အသေးစိတ် ဖွင့်လှစ်သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်းနှင့် တာမွေမြို့နယ်အတွင်းရှိ ကျောင်းသား/သူ၊ လူငယ် လူရွယ်လေးများအနေဖြင့် နွေရာသီကျောင်းပိတ်ရက်အားလပ်ချိန်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ ကလေးငယ်များ၏ ဆန်းသစ်တီထွင်ဖန်တီးမှုစွမ်းရည်များ မြင့်မားတိုးတက်လာစေရန်နှင့် မြန်မာ့လက်မှုပညာရပ် တစ်ခုဖြစ်သည့် ပန်းချီအနုပညာနှင့်ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး အမြတ်တနိုးတန်ဖိုးထားတတ်စေရန် စသည့်ရည်ရွယ်ချက်ကောင်းများဖြင့် ဖွင့်လှစ်သင်ကြားပို့ချပေးခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။

နိုင်လင်းအောင်(ပြန်/ဆက်)