နောင်ချိုမြို့နယ် သဖန်းကိုင်းပရဟိတ အကယ်ဒမီ ဝိပဿနာဓမ္မရိပ်သာ၌ အဋ္ဌမအကြိမ်မြောက် မိုးကုတ်ဝိပဿနာ(၅)ရက် တရားစခန်းဖွင့်လှစ်သွားမည်ဖြစ်

နောင်ချို ဧပြီ ၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် သဖန်းကိုင်းပရဟိတ အကယ်ဒမီဝိပဿနာဓမ္မရိပ်သာ၌ အဋ္ဌမအကြိမ်မြောက် မဟာသတိပဌာန်မိုးကုတ်ဝိပဿနာ (၅)ရက်တရားစခန်း ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သဖန်းကိုင်းပရဟိတဆရာတော်ထံမှ သိရသည်။

အဆိုပါတရားစခန်းသို့ ဝင်ရောက်လိုသော ရပ်နီးရပ်ဝေးမှ ရဟန်းရှင်လူ၊ ယောဂီသူတော်စင်များအနေဖြင့် စာရင်းသွင်းဝင်ရောက်နိုင်ကြောင်း၊ မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်‌ တန်ခူးလဆန်း ၅ ရက်(၁၃-၄-၂၀၂၄)နေ့မှ တန်ခူးလဆန်း ၁၀ ရက်(၁၈-၄-၂၀၂၄)နေ့အထိ ၅ရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ကြောင်း၊ အဆိုပါတရားစခန်းသို့ မိုးကုတ်ကမ္မဌာနာစရိယ ဆရာတော်များကြွရောက်၍ ဝိပဿနာအလုပ်ပေးတရားတော်များ ဟောကြားပြသပေးသွားမည်ဖြစ်ကြောင်း၊ တရားစခန်းအား သဖန်းကိုင်းပရဟိတဆရာတော် သဒ္ဒမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တပညာလင်္ကာရ ဦးဆောင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းနှင့် တရားစခန်းသို့ ဝင်ရောက်ကြသည့် ရဟန်းလူယောဂီသူတော်စင်များ ချမ်းသာလွယ်ကူစွာ တရားအားထုတ်နိုင်ကြစေရန် အလှူရှင်များအနေဖြင့် နံနက်အရုဏ်ဆွမ်း၊ နေ့ဆွမ်း၊ ဘောဇဉ်ဖျော်ရည်၊ သောက်ရေသန့်၊ တစ်နေ့တာလျှပ်စစ်မီး၊ ဆေးပစ္စည်းတို့အားလှူဒါန်းလိုပါက တရားစခန်းဖြစ်မြောက်ရေး အကျိုးဆောင်များထံသို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သဖန်းကိုင်းပရဟိတဆရာတော်ထံမှ သိရသည်။

ထွေးငယ်(နောင်ချို၊ပြန်/ဆက်)