ကာလိ ဧပြီ ၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့၌ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၏ မူလအမည်ဖြစ်သည့် ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနအမည်သို့ ပြောင်းလဲပြင်ဆင်ခြင်းနှင့် အန္တရာယ်ကင်းပရိတ်တရားတော်နာအခမ်းအနားကို ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန ဝန်ထမ်းများ စုပေါင်းကာ ယနေ့နံနက်(၆)နာရီအချိန်က အဆိုပါရုံးတွင် အရုဏ်ဆွမ်းနှင့် လှူဖွယ်ဝတ္ထုအစုစုတို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ထိုသို့ ဆက်ကပ်လှူဒါန်းရာတွင် ရှေးဦးစွာ ဆရာတော်ကြီးများအား ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများက ဆွမ်းနှင့် ခဲဖွယ်ဘောဇဉ် ဆက်ကပ်ကြသည်။
ယင်းနောက် ကာလိမြို့ ငွေတောင်ဦးသီရီမင်္ဂလာကျောင်းတိုက် ဆရာတော် ဉူးဝိစိတ္တထံမှ "မင်္ဂလာ" တရားတော်ကို ဟောကြားပေးရာ ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန ဝန်ထမ်းများနှင့် မိသားစုများ၊ ဖိတ်ကြားထားသော ဧည့်ပရိသတ်များက သီလခံယူဆောက်တည်ကြပြီး တရားတော်များ နာယူကြကာ လှူဖွယ်ဝတ္ထုအစုစုတို့ကို ဆက်ကပ်လှူဒါန်းခဲ့ပြီး ရေစက်သွန်းချ အမျှအတန်းပေးဝေ ခဲ့ကြကြောင်း သိရသည်။
အခမ်းအနားသို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့အုပ်ချုပ်ရေးမှူး ဦးစန်းမြင့်သန်း၊ ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန မြို့ဦးစီးမှူး ဦးသန်းထိုက်နှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ထင်ထင်(ကာလိ၊ ပြန်/ဆက်)