ချမ်းအေးသာစံ ဧပြီ ၁
မန္တလေးမြို့၊ချမ်းအေးသာစံမြို့နယ်၊ မဟာဝိဇိတာရုံကျောင်းတိုက်၊ တိုက်အုပ်ဆရာတော်၊ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ(ရွှေကျင်)၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ဘဒ္ဒန္တဝဏ္ဏိတ (သက်တော် ၈၁ ၊ သိက္ခာတော် ၆၁ ဝါ)သည် မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ တပေါင်းလပြည့်ကျော် (၃)ရက်၊ ၂၀၂၄ ခုနှစ် မတ် ၂၇ ရက် (ဗုဒ္ဓဟူးနေ့) နေ့လယ် ၂ နာရီ ၂၄ မိနစ်တွင် ဘဝနတ်ကျောင်း ရွှေ့ပြောင်းစံတော်မူခဲ့၍ မဟာ ဝိဇိတာရုံ ကျောင်းတိုက်ရှိ အဂ္ဂဂ္ဂါဘိဓဇရတနာကံကော်ကျောင်းတွင် ပူဇော်ထားရှိပြီး မတ်လ(၃၁)ရက်နေ့တွင် စံကျောင်းတော်ပင့်ဆောင်ခြင်းနှင့် အန္တိမဈာပနသာဓုကီဠန ပူဇာသဘင်အခမ်းအနားကို ကျင်းပခဲ့သည်။
ရှေးဦးစွာ စံကျောင်းတော်ပင့်ဆောင်ခြင်း အခမ်းအနားကို နံနက်ပိုင်းတွင် ကျင်းပရာ မဟာဝိဇိတာရုံ ကျောင်းတိုက်၊ အဓိပတိသက်တော်ရှည် ဆရာတော် (ရွှေကျင်)၊ အဘိဓဇမဟာရဋ္ဌဂုရု၊ ဘဒ္ဒန္တဝိစာရိန္ဒာဘိဝံသ အမှူးပြုပြီး ဆရာတော် ကြီးများကြွရောက်ချီးမြှင့်တော်မူ၍ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ရဟန်းသံဃာတော်များနှင့် သာသနာ့နွယ်ဝင် သီလရှင်များ၊ ဒါယကာ၊ ဒါယိကာမများ၊ ဆွေတော်မျိုးတော်များ၊ ဝတ်အသင်း အဖွဲ့မျာ်နှင့် ဧည့်ပရိသတ်များ တက်ရောက်ပူဇော်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည်မဟာဝိဇိတာရုံကျောင်းတိုက် အဓိပတိ၊ သက်တော်ရှည် ဆရာတော်(ရွှေကျင်)၊ အဘိဓဇမဟာရဋ္ဌဂုရု၊ ဘဒ္ဒန္တဝိ စာရိန္ဒာဘိဝံသအမှူးပြုပြီး မဟာဝိဇိတာရုံကျောင်းတိုက်၊ တိုက်ကြပ်ဆရာတော် ဘဒ္ဒန္တယာနိက (သာသနဓဇဓမ္မာစရိယ၊ဥဘတောဝိဘင်္ဂဓရ)နှင့် ဆရာတော် သံဃာတော်တို့အား ဖူးမြော်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က စံကျောင်းတော်ပင့် ဆောင်ခြင်း၊ အန္တိမဈာပနာ သာဓုကီဠနပူဇာသဘင်အခမ်းအနားတို့နှင့် စပ်လျဉ်း၍ သာသနာရေးဆိုင်ရာများလျှောက်ထားပြီး ဩဝါဒများခံယူကာ လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။
၎င်းနောက် မဟာဝိဇိတာရုံကျောင်းတိုက်၊ တိုက်အုပ်ဆရာတော်၊ မြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ(ရွှေကျင်)၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ဘဒ္ဒန္တဝဏ္ဏိတ၏ စံကျောင်းတော်ပင့်ဆောင်ခြင်းအခမ်းအနားကို ဆက်လက် ကျင်းပရာ သဗ္ဗေသင်္ခါရာအနိစ္စာ အစချီသော (၃)ဂါထာကို ရွတ်ဆိုဖွင့်လှစ်ပြီး ဆရာတော်ကြီး၏ ဥတုဇရုပ် ကလာပ်တော်ပူဇော်ထားရှိသည့် အဂ္ဂဂ္ဂါဘိဓဇရတနာကံကော်ကျောင်းမှသာသန ဟိတကာရီဓမ္မဗိမာန်ရှိ ယာယီစံကျောင်းမဏ္ဍပ်ပေါ်သို့ ပြောင်းရွှေ့စံတော်မူခြင်း အား အစီအစဉ်အတိုင်းဆောင်ရွက်၍ အဆင့်ဆင့် ပင့်ဆောင်ပူဇော်သည်။
ဆက်လက်၍ မွန်းလွဲပိုင်းတွင် အန္တိမဈာပန သာဓုကီဠန ပူဇာသဘင်အခမ်းအနားကို သာသနဟိတကာရီ ဓမ္မဗိမာန်၌ ကျင်းပရာ နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့အကျိုးတော်ဆောင်၊ မန္တလေးမြို့ မစိုးရိမ်တိုက်သစ် မဟာနာယက၊ ဓမ္မသမိဒ္ဓိကျောင်းဆရာတော်၊ အဂ္ဂမဟာ ပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ မဟာဓမ္မကထိကဗဟုဇနဟိတဓရ၊ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသအမှူးပြုပြီး ဆရာတော်သံဃာတော်များ ကြွရောက် ချီးမြှင့်၍ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်တာဝန်ရှိသူများ၊ ဒါယကာ၊ ဒါယိကာမများ၊ ရဟန်း၊ သံဃာတော်များနှင့် သာသနာ့နွယ်ဝင် သီလရှင်များ၊ ဆွေတော်မျိုးတော်များ၊ ဝတ်အသင်းအဖွဲ့များ၊ ဧည့်ပရိသတ်များ တက်ရောက်ပူဇော်ကြပြီး သဗ္ဗေသင်္ခါရာအနိစ္စာ အစရှိသော (၃)ဂါထာကို ရွတ်ဆိုသံဝေဂ ဉာဏ်ပွားများ၍ အခမ်းအနားကို ဖွင့်လှစ်သည်။
၎င်းနောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်၊ မန္တလေးမြို့မစိုးရိမ်တိုက်သစ် မဟာနာယက၊ ဓမ္မသမိဒ္ဓိကျောင်းဆရာတော်၊ အဂ္ဂ မဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသထံက ငါးပါးသီလခံယူဆောက်တည်ကြသည်။
ဆက်လက်၍ ဆရာတော်ကြီး၏ ထေရုပ္ပတ္တိအကျဉ်းကို ဓမ္မရတနာဆရာတော် ဘဒ္ဒန္တစရဏ (ဂန္ထဝါစကပဏ္ဍိတ)က ဖတ်ကြားပူဇော်ပြီးနောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ စည်ပင်သာယာရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများကဆရာတော်ကြီး များထံလှူဖွယ်ပစ္စည်းများနှင့်နဝကမ္မဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းပြီး သံဝေဂ အနုမောဒနာတရားနှင့် ရေစက်ချတရားနာယူကြည်ညိုကြသည်။
၎င်းနောက် အခမ်းအနားကို အစီအစဉ်အတိုင်း ဆက်လက်ကျင်းပခဲ့ပြီး ဆရာတော်ကြီး၏ ဥတုဇရုပ် ကလာပ်တော်ကို ကရဝိတ်ဖောင်တော်ယာဉ်ပေါ်သို့ ဆရာတော်၏ တပည့်သံဃာတော်များက အဆင့်ဆင့် ပင့်ဆောင်ကြပြီးနောက် ကရဝိတ်ဖောင်တော်ယာဉ်ဖြင့် အေးရိပ်ငြိမ်သုသာန်သို့ လိုက်ပါခြံရံပို့ဆောင်ခဲ့ကြောင်းနှင့် ဆရာတော်ကြီး၏ ရုပ်ကလာပ်တော်အား အန္တိမဈာပန သာဓုကီဠန ပူဇော်သဘင် အခမ်းအနားကိုအစီအစဉ်အတိုင်းဆောင်ရွက်ကြပြီး တေဇောဓာတ်ဖြင့် ပူဇော်ခဲ့ကြောင်း သိရသည်။
ထွန်းထွန်းနိုင်