မောက်မယ်မြို့နယ်၌ ရှေးမူမပျက် ရှမ်းရိုးရာရှင်ပြုနားသအလှူတော်မင်္ဂလာပွဲ ကျင်းပ

မောက်မယ် ဧပြီ ၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ နွေဦးပွင့်လင်းရာသီတွင် ရှမ်းရိုးရာဓလေ့ထုံးတမ်းများနှင့်အညီ စျေးတန်းရပ်ကွက်ရှိ အလယ်ကျောင်းဆရာတော်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့မှကြီးမှူးကျင်းပသည့် ရှမ်းလူမျိုးတို့၏ဓလေ့အစဉ်အလာများနှင့်အတူ ရှမ်းရိုးရာ စုပေါင်းရှင်ပြုနားသအလှူတော်မင်္ဂလာပွဲများကို ကျေးရွာအလိုက်၊ ရပ်ကွက်အလိုက် ရှေးမူရှေးဓလေ့မပျက် နှစ်စဉ်တပေါင်းလဆန်းမှ တန်းခူးလအထိ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။ 

ရှမ်းရိုးရာစုပေါင်းရှင်ပြုနားသ အလှူတော်မင်္ဂလာပွဲများကို စိုက်ပျိုးသီးနှံများရိတ်သိမ်းပြီးချိန် ဆောင်းအကုန်နွေအကူး မိုးလေကင်းလွတ်ချိန်တွင် စတင်ကျင်းပရာ ဤအလှူတော်တွင် မတ်လ၂၉ ရက်နေ့ နံနက်ပိုင်း၌ အလယ်ကျောင်းဆရာတော်ဘုရားထံ ရတနာသုံးပါးကန်တော့၍ ငါးပါးသီလခံယူပြီး မြို့ပေါ်ရပ်ကွက်များအတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ လှည့်လည်ကန်တော့ကြသည်။ ရှင်လောင်းပွဲတော်ကို လေးရက်တာဖိတ်ကြားထားသော ဒေသခံပြည်သူများသာမက ရပ်ဝေးရပ်နီးဧည့်သည်များအား စားသောက်ဖွယ်ရာများ၊ အချိုရည်များဖြင့်ဧည့်ခံကျွေးမွေးကြပြီး ပျော်ပွဲရွှင်ပွဲများပါထည့်သွင်း သီဆိုဖျော်ဖြေခဲ့ရာ ယမန်နေ့ညနေ ၄နာရီတွင် အလှဆင်ထားသည့်ရှင်သာမဏေလောင်းများ (၂၉) ပါးကို ပုခုံးပေါ်ထမ်း၍ ဒေသခံတိုင်းရင်းသားပြည်သူများ၊ အလှူဒါယကာ/ဒါယိကာမများတို့က ရှမ်းရိုးရာဝတ်စုံများဝတ်ဆင်၍ လှူဖွယ်ဝတ္တုပစ္စည်းများ ကိုင်ဆောင်လှည့်လည်ကြပြီး ရှမ်းရိုးရာအကအလှများ ရှမ်းအိုးစည်ဗုံမောင်းများတီးခတ်ပြီး မြို့ပတ်ကာ ပျော်ပျော်ရွှင်ရွှင် စီတန်းလှည့်လည်ခဲ့ကြပြီး ယနေ့နေ့လယ် (၂) နာရီတွင် ရှင်သာမဏေလောင်းများအား ရှင်သာမဏေအဖြစ်ရဟန်းဘဝသို့ သွပ်သွင်း၍ ပင့်ဖိတ်ထားသောဆရာတော် သံဃာတော်များထံတွင် ရတနာသုံးပါးကန်တော့၍ ငါးပါးသီလခံယူကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကြမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါရှမ်းရိုးရာရှင်ပြုနားသအလှူတော်မင်္ဂလာပွဲများသည် ရှမ်းလူမျိုးတို့၏ ချစ်စဖွယ်ရိုးရာ ဓလေ့အစဉ်အလာတစ်ခုဖြစ်ပြီး ရှေးမူရှေးဓလေ့မပျက် ရှမ်းရိုးရာယဉ်ကျေးမှုတစ်ခုအနေဖြင့် နှစ်စဉ်နှစ်တိုင်း စဉ်ဆက်မပျက် ကျင်းပလျက်ရှိကြောင်းသိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)