ကချင်ပြည်နယ်ဝန်ကြီးချုပ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲတွင် ဒုတိယဆုနှင့် ပွဲစဉ်တစ်လျှောက် အကောင်းဆုံးကစားသမားဆု၊ ဂိုးသမားအကောင်းဆုံးဆုတို့ ရရှိခဲ့သော ပြည်နယ်လက်ရွေးစင်ဘောလုံးအသင်းအား လေဆိပ်၌ ကြိုဆိုဂုဏ်ပြု

မြစ်ကြီးနား ဧပြီ ၁

၂၀၂၄ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို နေပြည်တော်၌ ကျင်းပပြုလုပ်ရာ ကချင်ပြည်နယ်လက်ရွေးစင်ဘောလုံးအသင်းအနေဖြင့် သွားရောက်ယှဉ်ပြိုင်ခဲ့ကာ ဒုတိယဆုအပြင် ပွဲစဉ်တစ်လျှောက် အကောင်းဆုံးကစားသမားဆု၊ ဂိုးသမားအကောင်းဆုံးဆုများကို ရရှိခဲ့ပြီး မတ် ၃၀ ရက် ညနေ ၅ နာရီက မြစ်ကြီးနားမြို့ ပြန်လည်ရောက်ရှိခဲ့ကြသည်။

ထိုသို့ လက်ရွေးစင်အသင်း ပြန်လည်ရောက်ရှိမှုကို မြစ်ကြီးနားလေဆိပ်၌ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြည်နယ်အတွင်းရှိ အားကစားဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိ သူများ၊ Fitness Dance အကအဖွဲ့တို့ဖြင့် စည်ကားသိုက်မြိုက်စွာ ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။

ထို့နောက် လေဆိပ်ခန်းမဆောင်၌ ပြည်နယ်ဝန်ကြီးချုပ်သည် လက်ရွေးစင်ဘောလုံးအသင်း အုပ်ချုပ်သူ၊ နည်းပြ၊ ကစားသမားများနှင့်တွေ့ဆုံပြီး အားကစားအဆင့်အတန်းတိုးတက်မြင့်မားရေးအတွက် စဉ်ဆက်မပြတ် ပံ့ပိုးကူညီဖြည့်ဆည်းပေးလျက်ရှိသည့်အပြင် ယနေ့ ပြည်နယ်လက်ရွေးစင် ဘောလုံးအသင်းအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဘောလုံးပြိုင်ပွဲတွင် ချန်ပီယံခြေစွမ်းကို ပြသနိုင်ခဲ့သော်လည်း ဒုတိယဆုဖြင့်သာ ကျေနပ်ခဲ့သည်ကို စိတ်ပျက်အားငယ်မှုမရှိဘဲ၊ လာမည့်နှစ်များတွင် ပထမဒိုင်းဆုကို ဆွတ်ခူးနိုင်ရေး ကြိုးစားကြရမည်ဖြစ်ကြောင်း ဂုဏ်ပြုပြောကြားသည်။

ယင်းနောက် လက်ရွေးစင်ဘောလုံးအသင်း တာဝန်ရှိသူများက ဘောလုံးပြိုင်ပွဲ အတွေ့အကြုံများနှင့် ဒုတိယဆုအပြင် ပွဲစဉ်တစ်လျှောက် အကောင်းဆုံးကစားဆု၊ ဂိုးသမားအကောင်းဆုများကို ဆွတ်ခူးရရှိခဲ့သည့် အခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လက်ရွေးစင် ဘောလုံးအသင်းအတွက် ဂုဏ်ပြုပွဲကျင်းပပြုလုပ်ပေးနိုင်ရေး တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)