မုဒုံ ဧပြီ ၁
မွန်ပြည်နယ်၊ မုဒုံမြို့၊ မြိုင်ကုန်းကျေးရွာရှိ ကျေးဇူးတော်ရှင် ဝင်းစိန်တောရကျောင်းဆရာတော် အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တကေသရအားဦးထိပ်ပန်ဆင်၍ “စက္ကရတန ” နဂါးရုံဘုရားကြီး ဗုဒ္ဒါဘိသေက အနေကဇာတင်ပူဇော်ခြင်းနှင့် ရေစက်ချ မင်္ဂလာအခမ်းအနားကို ယမန်နေ့က ကျောင်းဝင်းအတွင်း၌ ကျင်းပသည်။
ဦးစွာ ဆရာတော် ဘဒ္ဒန္တသောဟုလာ(ခ) ဦးဇင်းလေး၊ သံဃာတော်အရှင်သူမြတ်များ၊ အလှူရှင်နှင့် ဧည့်ပရိသတ်အပေါင်းတို့က နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားအားစတင်ဖွင့်လှစ်ခဲ့ပြီး ဆရာတော်ကြီးထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။ ထို့နောက် သံဃာတော်အရှင်သူမြတ်တို့မှ ပရိတ်တရားတော်များ ရွက်ပွားသရဇ္စျာယ်ချီးမြှင့်တော်မူ၍ ဧည့်ပရိသတ်အပေါင်းတို့က နာယူကြည်ညိုခဲ့ကြပြီး အလှူရှင်မိသားစုတို့မှ ဆရာတော်သံဃာအရှင်သူမြတ်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆပ်ကပ်လှူဒါန်း၍ အနုမောဒနာတရားနာချီးမြှင့်ကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေသည်။
ထို့နောက် ရပ်ဝေးရပ်နီးမှ ဧည့်ပရိသတ်အပေါင်းအား စတုဒိတာမဏ္ဍပ်ဖြင့် ထမင်းဟင်းများ ဧည့်ခံကျွေးမွေးခဲ့ပြီး တစ်ဦးလျှင် ဆန်တစ်ပြည်၊ ကြက်ဥ(၁၀)လုံးနှုန်း (၅၀၀)ဦးကို ဝေငှလှူဒါန်းခဲ့ကြောင်း သိရသည်။
အောင်မျိုးသူ (ပြန်/ဆက်)