ရွာငံ ဧပြီ ၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၌ ယဉ်ကျေးလိမ္မာသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက အ.ထ.က (ရွာငံ)ပြဒါးလင်းခန်းမ၌ ကျင်းပခဲ့သည်။
ယဉ်ကျေးလိမ္မာဓမ္မစကူးလ်သင်တန်းကို ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၏ လမ်းညွှန်မှုဖြင့် ရွာငံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဦးက ကျောင်းသား၊ ကျောင်းသူလေးများကို ဗုဒ္ဓဝင်အဖြစ်အပျက်များ၊ ပုဂ္ဂိုလ်ထူးများအကြောင်းကို သိရှိပြီး ဘုရား၊ တရား၊ သံဃာရတနာသုံးပါးကို ပိုမိုသက်ဝင်ယုံကြည်လေးစားကြည်ညိုကာ ဒါန၊ သီလ၊ ဘာဝနာ အလုပ်များကို စနစ်တကျ မှန်ကန်စွာ ကျင့်သုံးအားထုတ်တတ်စေရန်၊ ဗုဒ္ဓအဆုံးအမများကို မှန်ကန်စွာနားလည်လက်ခံကျင့်သုံးပြီး လူ့အဖွဲ့အစည်းအတွင်းတန်ဖိုးရှိသောလူသားတစ်ဦး ကျင့်ကြံနေထိုင်တတ်စေရန်၊ ဗုဒ္ဓသာသနာ အဓွန့်ရှည်တည်တံ့ပြန့်ပွားရေးတို့တွင် ပါဝင်ကူညီဆောင်ရွက်လာစေရန်၊ ကိုယ်အမူအရာ၊ နှုတ်အမူအရာ ယဉ်ကျေးသိမ့်မွေ့တဲ့ ကျောင်းသားလူငယ်လေးများဖြစ်လာစေရန်၊ ကြီးသူကိုရိုသေ ၊ ရွယ်တူကိုလေးစား၊ ငယ်သူကိုသနား ဆိုသည့်အတိုင်း နေထိုင်ကျင့်ကြံတတ်စေရန်၊ မိမိတို့ကိုးကွယ်ရာ ဘာသာတရားအပေါ်ယုံကြည်လေးစား တန်ဖိုးထားတတ်စေရန် စသည်ဖြင့် အဖွင့်အမှာစကားပြောကြားပါသည်။ ထို့နောက် သင်ထောက်ကူပစ္စည်းများကိုပေးအပ်ရာ အ.ထ.က(ရွာငံ)၊ အ.လ.က(ရွာမ)၊ အ.မ.က(ဈေးတန်း)၊ အ.မ.က(မြို့ကုန်း) သင်တန်းနည်းပြများက လက်ခံရယူခဲ့ကြသည်။ အဆိုပါသင်တန်းများကို ရွာငံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် ဘုန်းတော်ကြီးကျောင်း (၁၁၈)ကျောင်းတို့တွင် ဧပြီ (၁) ရက်မှ (၇) ရက်အထိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)