ဇေယျာသီရိ ဧပြီ ၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက် ယဉ်ကျေးလိမ္မာ၊ ကွန်ပျူတာနှင့် အင်္ဂလိပ်စာသင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ကျည်တောင်ကျေးရွာ အမှတ်(၁၆) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။
အဆိုပါသင်တန်းကို ကျောင်းသား၊ ကျောင်းသူ၊ လူငယ်များအနေဖြင့် နွေရာသီကျောင်းပိတ်ရက်တွင် အချိန်ကိုအကျိုးရှိရှိ အသုံးချပြီး မိမိတို့အတွက် အကျိုးရှိစေမည့် ယဉ်ကျေးလိမ္မာမှုများကို လေ့လာသင်ယူနိုင်ရန်၊ မိမိတို့ကိုးကွယ်ယုံကြည်မှုနှင့် စပ်လျဉ်းပြီး သိသင့်သိထိုက်သည့် ဘုရားရှိခိုးခြင်း၊ သီလဆောက်တည်ခြင်း၊ ဗုဒ္ဓမြတ်စွာဘုရားနှင့်ပတ်သက်သည့် သမိုင်းကြောင်းဆိုင်ရာ ဗုဒ္ဓဝင်နှင့် ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်သူတိုင်း လက်ကိုင် ထားကျင့်သုံးရမည့် မင်္ဂလသုတ်တော် အပါအဝင် အခြားသိသင့်သိထိုက်သည့် ဘာသာရေးဗဟုသုတများကို ထဲထဲဝင်ဝင် သိရှိစေရန်၊ ယဉ်ကျေးလိမ္မာသည့် သားကောင်း၊ သမီးကောင်းများအဖြစ်သာမက မိမိပတ်ဝန်းကျင်၊ မိမိနိုင်ငံအတွက် အကျိုးပြုနိုင်ပြီး ဘာသာ၊ သာသနာကို အရှည်တည်တံ့ တိုးတက်ခိုင်မြဲအောင် ဆောင်ရွက်နိုင်သည့် နိုင်ငံ့သားကောင်း၊ သမီးကောင်းရတနာများဖြစ်ရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး သင်တန်းဖွင့်ပွဲတွင် အမှတ်(၁၆) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မို့မို့အေး၊ ကျည်တောင် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကြည်ထွန်းတို့က သင်တန်းဖွင့်အမှာစကားနှင့် သင်တန်းတွင် သင်ကြားပေး မည့်အကြောင်း အရာများအားရှင်းလင်းပြောကြားခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများအား သင်ထောက် ကူပစ္စည်းများ ပေးအပ်ခဲ့သည်။
အဆိုပါသင်တန်းသို့ ကျည်တောင်ကျေးရွာအုပ်စုမှ ယဉ်ကျေးလိမ္မာသင်တန်းတွင် ကျောင်းသား၊ ကျောင်းသူ ၁၁၆ ဦး ၊ အခြေခံအင်္ဂလိပ်စာသင်တန်းတွင် ကျောင်းသား၊ ကျောင်းသူ ၂၀ ဦး၊ အခြေခံကွန် ပျူတာသင်တန်းတွင် ကျောင်းသား၊ ကျောင်းသူ ၃၂ ဦး တက်ရောက်ခဲ့ပြီး ဧပြီလ ၁ ရက်နေ့မှ ၁၀ ရက်နေ့အထိ သင်ကြား ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)