မိုင်းတုံ ဧပြီ ၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ ယမန်နေ့နံနက် ၁၀ နာရီအချိန်က နှစ်ကျိတ်ရှစ်ဆူ ဘုန်ကြီးကျောင်းတွင် ဝမ်နားကျေးရွာနေ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ဒေသခံပြည်သူများနှင့်တွေ့ဆုံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုး ဦးဆောင်သော မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍ၊ လမ်းတံတားနှင့်ပတ်သက်ပြီး ဒေသနေပြည်သူများ၏ လူမှုစီးပွားဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် တင်ပြချက်၊ လိုအပ်ချက်များကိုလည်းကောင်း၊ သစ်တောမှ သဘာဝပတ်ဝန်းကျင်နှင့် ပတ်သက်သည်များကိုလည်းကောင်း၊ မီးသတ်မှ မီးဘေးနှင့်ပတ်သက်၍လည်းကောင်း၊ မြေစာရင်းမှ မြေရာအိမ်ခြံကိစ္စနှင့်ပတ်သက်၍လည်းကောင်း၊ မြို့နယ်ပြန်/ဆက်မှ မီးခိုးငွေ့၏ ဆိုးကျိုးနှင့် ပြည်သူ့စစ်မှုထမ်းအကြောင်း သိကောင်းစရာများကို ရှင်းလင်းပြောကြားသည်။
ထိုနောက် ရပ်ရွာလုံခြုံရေးဆိုင်ရာကိစ္စရပ်များကိုလည်း ပူးပေါင်းဆောင်ရွက်ပေးရန်၊ နယ်မြေလုံခြုံရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်နှင့် မသင်္ကာဖွယ်သိရှိပါက သက်ဆိုင်ရာသို့ အချိန်မီသတင်းပေးပို့ရန် ဌာနဆိုင်ရာတာဝန်ရှိသူတို့က ဆွေးနွေးပြောကြားခဲ့ကြသည်။
ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုးနှင့် အဖွဲ့ဝင်များနှင့် မြို့နယ်ဌာနဆိုင်ရာများမှ ဒေသအတွင်းလုံခြုံရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး ကျေးရွာနေပြည်သူများ၏ လိုအပ်ချက်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး မြို့နယ်ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲပြုလုပ်ရန် ကျန်ရှိသောကျေးရွာ အုပ်စုများသို့ အပတ်စဉ် စဉ်ဆက်မပျက် ဆက်လက်ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ဝင်းဝင်းခိုင်(မိုင်းတုံ၊ ပြန်/ဆက်)