သာစည် မတ် ၃၁
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် မိုးကြိုချည်မျှင်ရှည်ဝါ ဧက ၆၀၀ လျာထားပြီး မင်းလှကန် ရေသောက်ဧရိယာ ကျေးရွာအုပ်စုလေးစုတွင် စိုက်ပျိုးဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဒေါ်ဌေးဌေးထံက သိရသည်။
ဧက ၆၀၀ ကို နှမ်းကန်၊ သနပ်ကန်၊ အိုင်ဒွန်းနှင့်ဉာဏ်ကန်ကျေးရွာအုပ်စုများ၌ စိုက်ပျိုးဆောင်ရွက်လျက်ရှိပြီး နှမ်းကန်ကျေးရွာတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဧက ၁၀၀ စိုက်ပျိုးသွားမည်ဖြစ်ကြောင်းသိရသည်။ ချည်မျှင်ရှည်ဝါပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် အဆိုပါဧက ၁၀၀ ကို(B.31)ဝါမျိုး စိုက်ပျိုးကြောင်းသိရပြီး ကျန်ဧကများကို ရွှေတောင်(၈)နှင့် ရွှေတောင်(၁၀)ချည်မျှင်ရှည်ဝါမျိုးများ စိုက်ပျိုးလျက်ရှိကြောင်းသိရသည်။
သိပ္ပံနည်းကျစနစ်တကျစိုက်ပျိုးခြင်းဖြင့် တစ်ဧကချင်းအထွက်နှုန်းကောင်းမွန်ပြီး တောင်သူများ အကျိုးဖြစ်ထွန်းစေရန် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက အဆိုပါဝါစိုက်ကွင်းများသို့ ကွင်းဆင်းကြီးကြပ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)