ဗိုလ်တထောင်မြို့နယ်၌ ကင်းထောက်လူငယ်သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

ဗိုလ်တထောင် မတ် ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ် အမှတ်(၆)အခြေခံပညာ အထက်တန်းကျောင်းတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ တိုင်းဒေသကြီး လူငယ်ရေးရာ ကော်မတီမှ ကြီးမှူးဖွင့်လှစ်သည့် ကင်းထောက်လူငယ်သင်တန်းဆင်းပွဲ အခမ်းအနားကို မတ်လ ၂၉ ရက်နေ့ ညနေ(၃)နာရီအချိန်က အ.ထ.က (၆) အောင်ကျော်ခန်းမ၌ ဆင်းပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီမှ ကြီးမှူးဖွင့်လှစ်သည့် ကင်းထောက်လူငယ်သင်တန်း ဆင်းပွဲအခမ်းအနားကို ပထမဦးစွာ ကင်းထောက်လူငယ် များမှ အစဉ်အသင့် တေးသီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ပြီး၊ ခရိုင်လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်လွင်က သင်တန်းဆင်း အမှာစကားပြောကြားရာတွင် လူငယ်တွေရဲ့ သဘာဝမှာ သက်ရွယ်တူ အပေါင်းအသင်းတွေကို အလေးထားဖြစ်သလို ဝါသနာတူ လူငယ်တွေစုဝေးပြီး အဖွဲ့လိုက် လှုပ်ရှားဆောင်ရွက်မှုတွေကို ငယ်စဥ်ကတည်းက လေ့ကျင့်ပေးရမှာဖြစ်ကြောင်း၊ တစ်ဦးကောင်းတစ်ယောက်ကောင်း ဆောင်ရွက်ခြင်းထက် အဖွဲ့အစည်း စိတ်ဓာတ်နဲ့ လှုပ်ရှားဆောင်ရွက်ခြင်းကို အားပေးရမှာဖြစ်ကြောင်း၊ ကျောင်းနေအရွယ်ကတည်းက ပူးပေါင်းဆောင်ရွက်တတ်ဖို့ သူငယ်ချင်း အပေါင်းအသင်းများနဲ့ သဟဇာတဖြစ်အောင် နေထိုင် တတ်ဖို့၊ အခက်အခဲစိန်ခေါ်မှု ပြဿနာတွေကို ပူးပေါင်းဆောင်ရွက်တတ်စေဖို့၊ စေတနာ့ဝန်ထမ်း နဲ့ လူမှုရေးလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်တတ်စေဖို့ လေ့ကျင့်ပျိုးထောင်ပေးရမှာဖြစ်ကြောင်း၊ အနာဂတ်မျိုးဆက်သစ် လူငယ်တွေဟာ နိုင်ငံရဲ့တန်ဖိုးမဖြတ်နိုင်တဲ့ လူ့စွမ်းအားအရင်းအမြစ်များ ဖြစ်တာနဲ့အညီ လူငယ်တွေရဲ့ အတွေးအခေါ်မှန်ကန်စေရေး၊ ကိုယ်ကျင့်တရား ကောင်းမွန်ရေးနဲ့ ဗလငါးတန်နဲ့ပြည့်စုံတဲ့ လူငယ်တွေဖြစ်ရန်အတွက် ရည်ရွယ်ချက်၊ လုပ်ဆောင်ချက်တွေဟာ အလွန်ကောင်းမွန်တဲ့အတွက်ကြောင့် အများအကျိုးဆောင်ရွက်ပေးလို့တဲ့ စိတ်ဓာတ်တွေ ကိန်းအောင်းလာပြီး လူငယ်တွေလမ်းကြောင်းမှန်ပေါ်ရောက်ရှိစေရေးအတွက် ပြုစုပျိုးထောင် ပေးနိုင်မှာဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

ယင်းနောက် ကင်းထောက်သမိုင်း Video ပြသခြင်း၊ အိုပါးသီချင်းဖြင့် သရုပ်ပြဖျော်ဖြေခြင်း၊ အ-ထ-က (၆) ဗိုလ်တထောင် ကင်းထောက်သင်တန်းသားများ၏ လှုပ်ရှားမှုမှတ်တမ်း Video များ ပြသခဲ့သည်။ ဆက်လက်၍ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်ဝင်းကြည်က ကင်းထောက်လူငယ်လေးများအား စာရေးကိရိယာများ ထောက်ပံ့လှူဒါန်းခဲ့ပြီး သင်တန်းဆင်းလက်မှတ်များကို ဗိုလ်တထောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလှိုင်မောင်နှင့် တာဝန်ရှိသူအသီးသီးက ပေးအပ်ခဲ့ကြပြီး အပိတ်သီချင်းဖြင့် ဖျော်ဖြေ၍သင်တန်းဆင်းပွဲ အခမ်းအနားအောင်မြင်စွာပြီးမြောက်ကြောင်း သိရသည်။

ယင်းနောက်ခရိုင် ကော်မတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ ကင်းထောက်နည်းပြ များ၊ ကင်းထောက်အဖွဲ့ဝင်များနှင့် ကင်းထောက်သင်တန်းသားများ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြ​သည်။ ထိုသင်တန်းကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီမှ ကြီးမှူးဖွင့်လှစ်ပြီး ကင်းထောက်လူငယ်သင်တန်းအား ရန်ကုန်တိုင်း ဒေသကြီး၊ ဗိုလ်တထောင်ခရိုင်တွင် (၅) မြို့နယ်ရှိသည့်အနက် ဗိုလ်တထောင်မြို့နယ်၊ သာကေတ မြို့နယ်နှင့် မင်္ဂလာတောင်ညွန့်မြို့နယ်များမှ သင်တန်းသား၊ သင်တန်းသူ တစ်မြို့နယ်လျှင် (၄၀)ဦး စုစုပေါင်း (၁၂၀) ဦးတို့အား သာကေတ မြို့နယ်အ-ထ-က (၁)တွင် မတ်လ(၂၃)ရက် နေ့  နေ့လယ်(၁)နာရီက ခရိုင်အဆင့် ကင်းထောက်သင်တန်းဖွင့်ပွဲ ပြုလုပ်ခဲ့ပြီး သက်ဆိုင်ရာ မြို့နယ်အ-ထ-က ကျောင်းများသို့ မတ်လ (၂၅)ရက်နေ့မှ (၂၉)ရက်နေ့အထိ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ခင်ဝင်း