ကျောက်ဆည်မြို့နယ်တွင် ကြက်ဟင်းခါးသီးနှံ စိုက်ပျိုးရောင်းချသူမိသားစုများ ဈေးကောင်းသဖြင့် အဆင်ပြေလျက်ရှိ

ကျောက်ဆည် မတ် ၃၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် နှစ်ပတ်လည်ဝင်ငွေ ရရှိရေး ကျွန်းမြေများနှင့် သဲနှုန်းမြေပိုင်ဆိုသူ တောင်သူများအနေဖြင့် မိသားစုတစ်နိုင်တစ်ပိုင်မှသည် စီးပွားဖြစ် အဖြစ် ဘူး၊ ဖရုံ၊ သခွား၊ ကြက်သွန်၊ ခဝဲ၊ ကြက်ဟင်းခါး၊ နံနံ၊ ဆလပ်၊ မုံညင်း စသည့် မီးဖိုချောင်သုံး အသီးအနှံများ စိုက်ပျိုးပြီး ကြက်ဟင်းခါးသီးနှံ စိုက်ပျိုးသူများအနေဖြင့် ရောင်းချရာတွင် ဈေးကွက်ဝင်ပြီး ဈေးကောင်းသဖြင့် အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ကြက်ဟင်ခါးသီးနှံသည် စိုက်ပျိုးရာတွင်လွယ်ကူပြီး စိုက်ပျိုးမည်ဆိုပါက နေရောင်ခြည် ကောင်းစွာရရှိစေရန်နှင့် အပင်ဖြစ်ထွန်းစေရန်အတွက် (၈)ပေအကွာ တိုင်များ စိုက်ပြီး အနွယ်ပြန့်ပွားနိုင်ရေး (၅) ပေအမြင့် စင်များ ပြုလုပ်ကာ တိုင်ခြေနှင့်တစ်ထွာအကွာတွင် အစေ့တိုက်ရိုက်ချစိုက်ပျိုးနိုင်ကြောင်း၊ အပင်ဖြစ်ထွန်းမှု ကောင်းမွန်စေရန်အတွက် စိုက်ပျိုးပြီး (၁၅) ရက်ခန့်တွင် အပင်ပတ်လည်၌ အာမို မြေဩဇာ ဟင်းစားဇွန်း တစ်ဇွန်းခန့် ဖြူးပေးကာ ရေတင်ပေးရကြောင်း၊ ရက်ပေါင်း(၃၀)ခန့်တွင် အပွင့်များ စတင်ပွင့်ပြီး (၄၅)ရက် သားတွင် အသီးများ စတင်ခူးခွတ်ရောင်းချရကြောင်း၊ စတင် ခူးဆွတ်ချိန်တွင် အသီးနည်းသဖြင့် (၄/၅/၆) ရက်ခြား ခူးဆွတ်ရပြီး အသီးလှိုင်ချိန်တွင် (၁)ရက်ခြား ခူးဆွန်ရကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်တွင် ပန်တံဆိပ် ဘို့တစ်ထောင်ကြက်ဟင်းခါးမျိုးများ အများဆုံး စိုက်ပျိုးကြပြီး  မျိုးထုပ်တစ်ထုပ် စိုက်ပျိုးပါက စတင်ခူးချိန်တွင် အချိန် (၁၅) ပိဿာခန့် ခူးဆွတ်ရပြီး အသီးလှိုင်ချိန်တွင် (၈၀)ပိဿာအထိ ခူးဆွတ်ရကြောင်း ခူးဆွတ်ရောင်းချ ရသည့်သက်တမ်းမှာ အပင်အပြုအစု ကောင်းပါက (၆) လခန့် ကြာမြင့်ကြောင်းနှင့် အသုံးပြုသည့် တိုင်နှင့်ဝါးများသည် တစ်ခါဝယ်ယူထား ပါက (၄) နှစ်အထိ အသုံးပြုနိုင်ပြီး မိသားစု တစ်နိုင်တစ်ပိုင်ဖြင့်  စိုက်ပျိုးနိုင်သည့် သီးနှံတစ်မျိုး ဖြစ်ကြောင်း သိရသည်။

သက်မောင်