ကျောက်ဆည် မတ် ၃၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် တောင်သူများအနေဖြင့် စပါး၊ ကြက်သွန်၊ ငရုပ်၊ မြေပဲ၊ နှမ်း၊ ဝါ၊ကုလားပဲ၊ ငှက်ပျော စသည့်သီးနှံမျိုးစုံ စိုက်ပျိုးသည့်အပြင် ငှက်ပျောသီးနှံများ တိုးချဲ့စိုက်ပျိုးကြရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
ငှက်ပျောသီးနှံစိုက်ပျိုးရာတွင် လူအင်အားနည်းနည်းဖြင့် မိသားစုတစ်နိုင်တစ်ပိုင်စိုက်ပျိုးနိုင်သည့် အပြင် ဈေးကောင်းရရှိပြီး အကျိုးအမြတ်များသောကြောင့် တောင်သူများအနေဖြင့် ပိုမိုစိုက်ပျိုး ကြကြောင်း ငှက်ပျောတစ်ဧကတွင် စုစုပေါင်းကုန်ကျငွေ (၁၅)သိန်းကျပ်ခန့် ကုန်ကျပြီး ရောင်းချရာတွင် ဈေးကွက်အပေါ်မူတည်၍ ငွေကျပ်(၆၀)သိန်းခန့် ပြန်လည်ရရှိကြောင်း ရေ၊ မြေ၊ ရာသီဥတုကောင်းမွန်ပြီး အပင်အပြုအစုကောင်းပါက စိုက်ပျိုးပြီး (၈)လအကြာတွင် အဖူးများ စတင်ထွက်ရှိပြီး (၁၂)လအကြာတွင် ရောင်းချရကြောင်း တစ်ဧကတွင် အပင်(၈၀၀)ခန့် စိုက်ပျိုးနိုင်ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်အနေဖြင့် ငှက်ပျောသီးနှံများကို သံရွာ၊ တောင်တော်၊ ကျောက်ဖျာ၊ ပေါင်လောင်ပြီး၊ ပုန်းညက်ကျေး၊ ရဲကြီး၊ မြဉ္ဇူခြံ၊ သင်္ဂတုံ၊ ဖျောက်ဆိပ်ပင်၊ ရေပြားတော၊ ရဲဘော်ကြီး၊ ရဲဘော်လေး၊ လက်ပန်၊ ဒန်းတိုင်၊ မြေစို၊ ငါးဆူ၊ ရှားပင်ကျေးရွာများတွင် အများဆုံးစိုက်ပျိုးကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)