မန္တလေးမြို့ မတ် ၃၁
မန္တလေးမြို့ စာပေတင်းကုပ်တွင် စာရေးဆရာနေမင်းသန်း(မဲခေါင်စာပေဆုရ)၏ နေတစ်စင်းနှင့် လမင်းတစ်ရာ ကဗျာများစာအုပ်အား စာအုပ်မိတ်ဆက်ခြင်းနှင့် မန္တလေးခရိုင်အတွင်းရှိ ခရိုင်ပြည်သူ့စာကြည့်တိုက်နှင့် မြို့နယ်ပြည်သူ့စာကြည့်တိုက်များသို့ စာအုပ်များ ပေးအပ်လှူဒါန်းပွဲကို ယနေ့နံနက်(၉)နာရီ နန်းရှေ့အောင်မြေသာစံမြို့နယ် စာပေတင်းကုပ်၌ ကျင်းပခဲ့ပါသည်။
ရှေးဦးစွာ မန္တလေးခရိုင်အတွင်း မြို့နယ်(၇)မြို့နယ်မှ တက်ရောက်လာသည့် စာရေးဆရာများက မုဒိတာစကားများ အသီးသီးချီးမြှင့်ကြပြီး စာရေးဆရာနေမင်းသန်းက စာရေးသူ၏ အသက်(၈၀)နှစ်အကြို၊ ကဗျာရေးသက်(၆၀)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဘဝဒသာနရသ ကဗျာပုဒ်ရေ(၁၀၁)ပုဒ်ကို စုစည်းထုတ်ဝေခြင်း ဖြစ်ပါကြောင်း၊ အများပြည်သူဖတ်ရှု့နိုင်ရန် ပြည်သူ့စာကြည့်တိုက်များသို့ လှူဒါန်းရသည့်အတွက် ဝမ်းမြောက်ပီတိဖြစ်ရပါကြောင်း ပြောကြားပါသည်။
ထို့နောက် ဆရာနေမင်းသန်း နေတစ်စင်းနှင့် လမင်းတစ်ရာ ကဗျာစာအုပ်(၇)အုပ်အား ခရိုင်နှင့်မြို့နယ် စာကြည့်တိုက်များကို ပေးအပ်လှူဒါန်းရာ မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက လက်ခံရယူပါသည်။
အဆိုပါအခမ်းအနားသို့ စာရေးဆရာ(၅၀)ဦးတက်ရောက်ကြကြောင်းသိရသည်။
ဒေါ်မြင့်မြင့်သန်း