ဇမ္ဗူသီရိမြို့နယ်တွင် ဓမ္မအလင်းတန်း ဓမ္မစင်္ကြာဝတ်ရွတ်အသင်းမှ ကြီးမှူးကျင်းပသော (၁၂) ကြိမ်မြောက် အခြေခံဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာသင်တန်းဆင်းပွဲ ကျင်းပ

ဇမ္ဗူသီရိ မတ် ၃၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်းရပ်ကွက်၊ သာသနာ့မဉ္ဇူဓမ္မာရုံတွင် ယမန်နေ့ နံနက်ပိုင်းက ဓမ္မအလင်းတန်း ဓမ္မစင်္ကြာဝတ်ရွတ်အသင်းမှ ကြီးမှူး ကျင်းပသော (၁၂) ကြိမ်မြောက် အခြေခံဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာသင်တန်းဆင်းပွဲကို ကျင်းပရာ ဇမ္ဗူသီရိမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးထွန်း၊ အဖွဲ့ဝင်(၂) ဦးကျော်အောင်၊ မြို့နယ်သာသနာရေးဦးစီးမှူး ဦးအောင်သူ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးထွန်းက သင်တန်းဆင်း အမှာစကား ပြောကြားရာတွင် ဘာသာတရားရဲ့ အဆုံးအမနဲ့အညီ ကျင့်ကြံနေထိုင်သွားတတ်စေရန်၊ နောင်အနာဂတ်မှာ လူတော်လူကောင်းလေးများ ဖြစ်လာစေရန်၊ သင်တန်းတွင် ဖွင်လှစ်ပို့ချသည့် ဗုဒ္ဓဘာသာရဲ့အခြေခံဖြစ်တဲ့ ဘုရားရှစ်ခိုးကျင့်ဝတ်၊ စာရိတ္တ မင်္ဂလာတရားတော်တွေနဲ့အညီ လိုက်နာကျင့်သုံးသွားကြမယ်ဆိုရင် လိမ္မာယဉ်ကျေးပြီး တန်ဖိုးရှိတဲ့ သားငယ်၊ သမီးငယ်လေးများ ဖြစ်လာကြမည်မှာ အမှန်ဖြစ်ကြောင်း၊ ဘာသာသာသနာအတွက်၊ နိုင်ငံအတွက်နှင့် မိသားစုတို့ အတွက် အဖိုးထိုက်တန်သော သားကောင်း၊ သမီးကောင်း ရတနာလေးတွေဖြစ်အောင် ကျင့်ကြံ နေထိုင်သွားကြစေလိုကြောင်း တိုက်တွန်းပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ယဉ်ကျေးလိမ္မာသင်တန်း နည်းပြဆရာများ၊ မူလတန်းအဆင့် ထူးချွန်ဆုရရှိသူများ၊ အလယ်တန်းအဆင့်ထူးချွန်ဆု ရရှိသူများနှင့် သင်တန်းသား၊ သင်တန်းသူများအား ဂုဏ်ပြုမှတ်တမ်းလွှာ၊ ထူးချွန်ဆုများနှင့် သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

ဟိန်းသူအောင်(ပြန်/ဆက်)