နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ပုဗ္ဗသီရိမြို့နယ်တွင် ကောက်စိုက်စက်နှင့် လက်ဆွဲကောက်စိုက် အသုံးပြု၍ နွေစပါးနှိုင်းယှဉ် စိုက်ပျိုးခြင်းသရုပ်ပြပွဲအခမ်းအနားတက်ရောက်

နေပြည်တော် မတ် ၃၁

စက်မှုလယ်ယာဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ပူးပေါင်းဆောင်ရွက်သည့် Kubota ကောက်စိုက်စက်နှင့် လက်ဆွဲကောက်စိုက်အသုံးပြု၍ နွေစပါးနှိုင်းယှဉ် စိုက်ပျိုးခြင်းသရုပ်ပြပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ညောင်ပင်ကြီးစုကျေးရွာအနီး ယာယီရှင်းလင်း၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ၊ တောင်သူများတက်ရောက်ကြသည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် စိုက်ပျိုးရေးလုပ်ငန်းများကို ပြည့်ပြည့်ဝဝဆောင်ရွက်နိုင်မည်ဆိုပါက လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ပြီး စားနပ်ရိက္ခာဖူလုံ လာမှာဖြစ်ကြောင်း၊ လယ်ယာကဏ္ဍကို အပြည့်အဝအကောင်အထည်ဖော်နိုင်မှသာ ပြည်တွင်းစားရေရိက္ခာ ပေါများလာမည့်အပြင်ပိုလျှံစွာ ထွက်ရှိလာသည့် ထုတ်ကုန်များမှ ပြည်ပပို့ကုန်များရရှိပြီး စိုက်ပျိုးရေးလုပ်ငန်းများကို အခြေခံသည့် ပြည်ပဝင်ငွေများရရှိမှာဖြစ်ကြောင်း၊ နွေစပါးတစ်ဧက အထွက်နှုန်းတိုးတက်ရေး၊ ပန်းတိုင်အထွက်နှုန်းထွက်ရှိရေးနှင့် စံအထူးအထွက်နှုန်း ထွက်ရှိရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ပံ့ပိုးကူညီခြင်း၊ ယူရီးယားမြေဩဇာများဈေးနှုန်း သက်သာစွာဖြင့် ဖြန့်ဝေခြင်း၊ ပညာပေးလုပ်ငန်းများ ကျယ်ပြန်စွာဆောင်ရွက်ခြင်း၊ မျိုးကောင်းမျိုးသန့်များ တွင်ကျယ်စွာ အသုံးပြုခြင်းတို့ ဆောင်ရွက်လျက်ရှိကြောင်း၊ တစ်ဧကအထွက်နှုန်းတိုးတက်ရေး ဆောင်ရွက်ရာတွင် မျိုး၊ မြေ၊ ရေ၊ နည်း ဟူသည့်နည်းလမ်းလေးရပ်ကို တစ်ခုမှလစ်ဟာမှုမရှိအောင် စီမံဆောင်ရွက်ပြီး ကြိုးစားဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊  ဆန်စပါးစိုက်ပျိုးထုတ်လုပ်ခြင်းတွင် ပိုမိုတိုးတတ်အောင်စိုက်ပျိုး ထုတ်လုပ်ရုံတင်မက ပြည်တွင်းစားသုံးဆီ ဖူလုံရေးအတွက် ဆီထက်သီးနှံဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာတို့ကို တိုးချဲ့ စိုက်ပျိုးပြီးအထွက်နှုန်းပိုမိုတိုးတတ်မှသာ ပြည်တွင်းစားသုံးဆီ ဖူလုံမည်ဖြစ်သည့်အတွက် တောင်သူများအနေဖြင့် ဆီထွက်သီးနှံကို အထူးအလေးထား စိုက်ပျိုးစေကြောင်းပြောကြားသည်။

ထို့နောက် ဌာနဆိုင်ရာတာဝန်ရှိသူများက နေပြည်တော်အတွင်း ၂၀၂၃-၂၀၂၄ ခုနှစ် နွေစပါးနှင့် နွေနှမ်းသီးနှံ စိုက်ပျိုးမှုအခြေအနေများ၊ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ အပင်းပိုးမွှားရောဂါကာကွယ်ရေးနည်းလမ်းများ၊ သွင်းအားစုများ စနစ်တကျထည့်သွင်းသည့် နည်းစနစ်များ၊ နှမ်းသီးနှံကို ဘောင်ကြီးတင်စိုက်ပျိုးနည်းစနစ်များ၊ ကောက်စိုက်စက်နှင့် လက်ဆွဲကောက်စိုက် အသုံးပြု၍ မိုးစပါးနှင့် နွေစပါးစိုက်ပျိုးမှုအခြေအနေများ၊ သမဝါယမအသင်းများဖွဲ့စည်းခြင်းနှင့် လယ်ယာသုံးစက်ကိရိယာများ ဝယ်ယူရေးအတွက် ပူးပေါင်းဆောင်ရွက်နေမှုများ၊ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးမှုအခြေအနေများကို အသီးသီးရှင်းလင်းတင်ပြကြသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် နေပြည်တော်ကောင်စီဝင်များက နွေစပါးစိုက်ပျိုးမည့်တောင်သူများအား မျိုးစပါးများနှင့် သဘာဝမြေဩဇာများကို ထောက်ပံ့ပေးအပ်ကြပြီး တောင်သူဦးကျော်လင်းသိန်း၏ လယ်မြေတွင် Kubota ကောက်စိုက်စက်နှင့် လက်ဆွဲကောက်စိုက်များအသုံးပြု၍ နွေစပါးနှိုင်းယှဉ်စိုက်ပျိုးခြင်းသရုပ်ပြသမှုကို ကြည့်ရှုအားပေးသည်။

ထို့နောက် တောင်သူများက လိုအပ်ချက်များကို တင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက တင်ပြချက်များနှင့် စပ်လျဉ်၍ သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)