တိုက်ကြီး မတ် ၃၀
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်တွင် ယနေ့ နံနက် ၉ နာရီ ၆ မိနစ်က လျှပ်စစ်ထမင်းပေါင်းအိုးအပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ရှမ်းစုရပ်ကွက်၊ ဘူတာလမ်းနေဦးမြင့်ဇော်၏ နေအိမ်၌ အပြင်သွားချိန် လျှပ်စစ်မိန်းမချဘဲ လျှပ်စစ်ထမင်းပေါင်းအိုးတည်ထားခဲ့ရာမှ အပူလွန်ကဲပြီး အနီးရှိအဝတ်စနှင့်ပျဉ်ပြားများ မီးကူးစက်လောင်ကျွမ်းရာမှ မီးလောင်မှုစတင်ဖြစ်ပွားခဲ့ပြီး အနီးရှိလူနေအိမ် ၂ လုံးအား မီးကူးစက်လောင်ကျွမ်းခဲ့သည်။ အဆိုပါ မီးလောင်မှုဖြစ်ပွားရာနေရာသို့ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိဦးဇော်ချစ်ထက်ဦးဆောင်သော သန္ဓေမီးသတ်တပ်ဖွဲ့ဝင်(၄၇)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်(၃၉)ဦးတို့သည် မီးငြှိမ်းသတ်ယာဉ်(၁၀)စီး၊ ရေသယ်ယာဉ်(၈)စီးတို့နှင့်အတူသွားရောက်မီးငြှိမ်းသတ်ရာ နံနက် ၉ နာရီ ၄၆ မိနစ်တွင် မီးငြှိမ်းသတ်နိုင်ခဲ့သည်။
အဆိုပါ မီးလောင်မှုဖြစ်စဉ်ကြောင့် မီးစတင်လောင်ကျွမ်းရာ ဦးမြင့်ဇော်၏ (၃၀×၃၀)ပျဉ်ခင်းနှစ်ထပ်လူနေအိမ်(၁)လုံး၊ အနီးရှိ(၃၅×၃၀)အောက်အုတ်ညှပ်၊ အပေါ်ပျဉ်ခင်း၊ ပျဉ်ကာ၊ သွပ်မိုး(၂)ထပ် လူနေအိမ်၏ အပေါ်ခြမ်းနှင့် (၄၀×၃၀) အောက်အုတ်ညှပ်၊ အပေါ်ပျဉ်ခင်း၊ ပျဉ်ကာ၊ သွပ်မိုး(၂)ထပ် လူနေအိမ်၏ အပေါ်ခြမ်းတို့မှာ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး မီးလောင်မှုဖြစ်စဉ်ကြောင့် လူနှင့်တိရစ္ဆာန်များ ထိခိုက်မှုမရှိကြောင်း သိရသည်။
စန်းကလျာခိုင်(ပြန်/ ဆက်)