မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း လတ်တလော နယ်မြေဒေသ အခြေအနေများကြောင့် ယာယီနေရပ်စွန့်ခွာ လာရောက်နေထိုင်သူများအား စားသောက်ကုန်ပစ္စည်းများနှင့် ထောက်ပံ့ငွေများ ပေးအပ်

ချောင်းဆုံ မတ် ၃၀

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်းများတွင်   အခြားဒေသမှ လတ်တလော နယ်မြေဒေသ အခြေအနေများကြောင့် ယာယီနေရပ်စွန့်ခွာ လာရောက်နေထိုင်သူများ စား၊ ဝတ်၊ နေရေး အဆင်ပြေစေရန်အတွက် မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အလှူရှင်များမှ  လူသုံးကုန်ပစ္စည်းများနှင့် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက မုဒွန်းကျေးရွာ ပိဋကတ်တိုက် ဘုန်းတော်ကြီးကျောင်း၊ တောင်စွန်းကျေးရွာ သဒ္ဓမ္ဓဓဇ  ဘုန်းတော်ကြီးကျောင်းနှင့် ရွာလွတ်ကျေးရွာ မဟာဝိဟာရ ဘုန်းတော်ကြီးကျောင်းတို့တွင် ဆောင်ရွက်ခဲ့ကြသည်။

ရှေးဦးစွာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ယာယီနေရပ်စွန့်ခွာ လာရောက်နေထိုင်သူများအား အားပေးစကားပြောကြားရာ လတ်တလော နယ်မြေဒေသ အခြေအနေများကြောင့် ယာယီနေရပ်ကိုစွန့်ခွာခဲ့ရတဲ့ ပြည်သူများနှင့် ထပ်တူဝမ်းနည်း ရပါကြောင်း၊ ယခုနေထိုင်စဉ် ကာလအတွင်း ပြည်နယ်အစိုးရအဖွဲ့မှ လိုအပ်သည့် အကူအညီများ ပေးသွားမည်ဖြစ်ကြောင်း၊ ကျန်းမာရေးစောင့်ရှောက်မှုများကိုလည်း အချိန်ပြည့်ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်းနှင့် ဒေသခံများမှလည်း ဝိုင်းဝန်းကူညီပေးကြရန် လိုကြောင်း ပြောကြားသည်။

ထို့နောက် မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အလှူရှင်  အဂ္ဂမဟာ မဏိဇောတဓရ ဦးလှထွန်းတို့မှ မုဒွန်းကျေးရွာ ပိဋကတ်တိုက် ဘုန်းတော်ကြီးကျောင်းတွင် ယာယီပြောင်းရွှေ့နေထိုင်သူ (၃၄၈) ဦးအား ထောက်ပံ့ငွေကျပ် သိန်း (၁၅၀) နှင့် စားသောက်ကုန် ပစ္စည်းများအား လည်းကောင်း၊ တောင်စွန်းကျေးရွာ သဒ္ဓမ္ဓဓဇ  ဘုန်းတော်ကြီးကျောင်းတွင် ယာယီပြောင်းရွှေ့နေထိုင်သူ (၇၅) ဦးအား ထောက်ပံ့ငွေကျပ် (၇၅) သိန်းနှင့် စားသောက်ကုန် ပစ္စည်းများအားလည်းကောင်း၊ ရွာလွတ်ကျေးရွာ မဟာဝိဟာရ ဘုန်းတော်ကြီးကျောင်းတွင် ယာယီပြောင်းရွှေ့နေထိုင်သူ (၇၉) ဦးအား ထောက်ပံ့ငွေကျပ် (၇၅) သိန်းနှင့် စားသောက်ကုန် ပစ္စည်းများအား လည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့သည်။

အဆိုပါ ဘုန်းတော်ကြီးကျောင်း (၃) ကျောင်းတွင် စုစုပေါင်း ယာယီပြောင်းရွှေ့နေထိုင်သူ (၅၀၂) ဦးအား ထောက်ပံ့ငွေကျပ် သိန်း (၃၀၀)၊ ဆန် (၆၆) အိတ်၊ ဆီ (၂၀၀) ပိဿာ၊ ခေါက်ဆွဲခြောက်များ၊    သောက်ရေသန့်များ တစ်ကိုယ်ရည်သုံးပစ္စည်းများနှင့် အခြားလူသုံးကုန်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)