ကျောက်ဆည် မတ် ၃၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့၊ ဖောင်ရွာရပ်၊ နေလသုခဗိမာန်(ဗြဟ္မဝိဟာရ) လေးထပ်ဆောင်ခန်းမတွင် သာသနာတော်သန့်ရှင်းရေးနှင့် တည်တံ့ပြန့်ပွားရေး၏ အခြေခံမူရင်းဖြစ်သော ပရိယတ္တိသာသနာတော် ထွန်းကားပြန့်ပွားစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်လျက်ရှိသော အစိုးရဓမ္မာစရိယစာမေးပွဲ ဖြေဆိုနေသည့် စာဖြေသံဃာတော်များအား ယနေ့မွန်းလွဲပိုင်းက ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကောင်းမြတ်နိုင်နှင့် တာဝန်ရှိသူများမှ ကြည်ညိုဖူးမျှော်ခဲ့ပြီး ဝတ္ထုငွေနှင့် အချိုရည်များ ကပ်လှူခဲ့ကြောင်း သိရှိရသည်။
ဓမ္မာစရိယစာမေးပွဲတွင် ကျောက်ဆည်၊ စဉ့်ကိုင်၊ မြစ်သား၊ တံတားဦးမြို့နယ်များအတွင်းရှိ စာသင်တိုက်များမှ သံဃာတော်များ စာရင်းပေးဖြေဆိုခဲ့ကြောင်းနှင့် ပါရာဇိကကဏ္ဍပါဠိကထာ ကျမ်းရင်း(၁)ဘာသာရပ်တွင် သံဃာတော်(၂၇)ပါး ဖြေဆိုခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကောင်းမြတ်နိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်ဦးနှင့် အဖွဲ့ဝင်များမှ ဆွမ်းကွမ်းများပြည့်စုံရေးအလှူငွေနှင့် အားဖြည့်အချိုရည်များ ကပ်လှူခဲ့ပြီး သံဃာတော်များအနေဖြင့် စာမေးပွဲနှင့်ပတ်သတ်၍ လိုအပ်မှုများ မိန့်ကြားပေးနိုင်ရေးနှင့် လှူဒါန်းနိုင်ရေး မေးမြန်းလျှောက်ထားခဲ့ပြီး ဖူးမျှော်ကြည်ညိုခဲ့ကြောင်း သိရသည်။
ဓမ္မာစရိယစာမေးပွဲကို မတ်(၂၈)ရက်နေ့မှ ဧပြီ(၅)ရက်နေ့အထိ (၉)ရက်အကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် စာမေးပွဲတွင် ပါရာဇိကကဏ္ဍပါဠိကထာ ကျမ်းရင်း(၁)၊ ပါရာဇိကကဏ္ဍပါဠိအဋ္ဌကထာ ကျမ်းရင်း(၂)၊ သီလက္ခန္ဓဝဂ္ဂပါဠိ အဋ္ဌကထာကျမ်းရင်း(၁)၊ သီလက္ခန္ဓဝဂ္ဂပါဠိအဋ္ဌကထာကျမ်းရင်း(၂)၊ ဓမ္မသိင်္ဂဏီ ပါဠိအဋ္ဌကထာ ကျမ်းရင်း(၂)၊ မြန်မာဂုဏ်ထူးတန်းတွင် ပါစိတျာပါဠိအဋ္ဌကထာ၊ သုတ်မဟာဝါ၊ သုတ်ပါထိကပါဠိ အဋ္ဌကထာ၊ မဇ္စျိမနိကာယပါဠိအဋ္ဌကထာ၊ သံယုတ္တနိကာယပါဠိအဋ္ဌကထာ၊ ဝိဘင်္ဂါဒိပါဠိအဋ္ဌကထာ၊ ပဋသမ္ဘိဒါမဂ္ဂပါဠိ အဋ္ဌကထာ၊ ပါဠိဂုဏ်ထူးတန်းတွင် ပါစိတျာဒိပါဠိအဋ္ဌကထာ(၁)/(၂)၊ သုတ်မဟာဝါ၊ သုတ်ပါထိကပါဠိအဋ္ဌကထာ(၁)/(၂)၊ ဝိဘင်္ဂါဒိပါဠိ အဋ္ဌကထာ(၁)/(၂) ကျမ်းစာများတွင် ပါရှိသောအကြောင်းအရာများအား ဖြေဆိုသွားရမည်ဖြစ်ကြောင်း ကျောက်ဆည်မြို့နယ် သာသနာ့ဦးစီးဌာနမှ သိရသည်။
သက်မောက်