ရန်ကုန် မတ် ၃၀
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ခြင်မှတစ်ဆင့် ကူးစက်ရောဂါများမှ ကာကွယ်နိုင်စေရန်နှင့် သန့်ရှင်းသာယာလှပစေရန် ရည်ရွယ်၍ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို ယနေ့နံနက် (၇) နာရီက အင်းစိန်မြို့နယ်၊ တောင်သူကုန်းရပ်ကွက်၊ သာယာအေးလမ်း၊ အ.လ.က (၃) ကျောင်းတွင် ဆောင်ရွက်ရာ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ မြို့တော်ဝန် ဦးဗိုလ်ဌေး လာရောက်ကြည့်ရှု့ အားပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် အင်းစိန်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းထွဋ်၊ အဖွဲ့ဝင် (၁) ဗိုလ်မှူး သုခလှိုင်၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန့်ဇင်၊ အင်းစိန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်ဇင်လတ်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်နှင့် ဝန်ထမ်းများ၊ ရပ်ကွက်အထောက်အကူပြု အဖွဲ့များနှင့် တာဝန်ရှိသူများက သွေးလွန်တုပ်ကွေး ကြိုတင်ကာကွယ်ရေးနှင့် သန့်ရှင်းသာယာလှပစေရေးအတွက် ကျောင်းဝင်းအတွင်းရှိ အမှိုက်များ၊ မြက်များ၊ ချုံနွယ်များရှင်းလင်းခြင်းနှင့် အမြင်မသင့်တော်သည့် သစ်ပင်၊ သစ်ကိုင်းများ ရှင်းလင်းခြင်း၊ သုံးရေများအတွင်း အဘိတ်ဆေးခတ်ခြင်းနှင့် ခြင်ဆေးမှုတ်ခြင်း၊ ရေစီးရေလာကောင်းမွန်ရေး စသည့်လုပ်ငန်းများ ဆောင်ရွက်နေသည်များကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ မြို့တော်ဝန် ဦးဗိုလ်ဌေးနှင့် တာဝန်ရှိသူများက လာရောက်ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့သည်။
အင်းစိန်မြို့နယ်၌ သွေးလွန်တုပ်ကွေး ကြိုတင်ကာကွယ်ရေးနှင့် စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများကို အပတ်စဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)