မြစ်ကြီးနား မတ် ၃၀
ကချင်ပြည်နယ်နှင့် မြစ်ကြီးနားမြို့၏ ပညာရေးသမိုင်းတွင် သက်တမ်းအရှည်ကြာဆုံးဖြစ်သည့် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၏ (၁၉၂၃ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ) နှစ် (၁၀၀) ပြည့် ရာပြည့်ပွဲတော်ကို ကျောင်းသားဟောင်းများ စုပေါင်း၍ (၂)ရက်တာ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လျက်ရှိရာ ယနေ့ နံနက် ၇ နာရီက ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ကျောင်းသားဟောင်းများနှင့်အတူတကွ ရာပြည့်ပွဲတော်ကို ပါဝင်ဆင်နွှဲခဲ့ကြသည်။
ရှေးဦးစွာ ရာပြည့်ပွဲတော်မုခ်ဦးဖွင့်ပွဲ အခမ်းအနားကို အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှေ့၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ် တော်တရားသူကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်အဆင့်ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ ပွဲတော်ဖြစ်မြောက်ရေးကျင်းပရေးကော်မတီနှင့် ဆပ်ကော်မတီအဖွဲ့ဝင်များ၊ ဘင်ခရာ/ပန်းပွားအဖွဲ့များ၊ ကင်းထောက်လူငယ်အဖွဲ့ဝင်များ၊ လူရည်ချွန်မောင်/မယ်များ စုရုံးတက်ရောက်ကြပြီး မုခ်ဦးကို ပြည်နယ်အစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေ၊ လူမှုရေးရာဝန်ကြီး ဦးမိုးမင်းသိန်းနှင့် ပြည်နယ်ပညာရေးမှူး ဦးခင်မောင်ထွေးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ဘင်ခရာ/ ပန်းပွားအဖွဲ့များ၏ ဦးဆောင်မှုဖြင့် ကျောင်းတွင်းသို့ ဝင်ရောက်ခဲ့ကြသည်။
ဆက်လက်၍ ကျောင်းဝင်းအတွင်း ရာပြည့်ပွဲတော်အထိမ်းအမှတ် တည်ဆောက်ထားသည့် နှစ် (၁၀၀)ပြည့် ကမ္ဗည်းမော်ကွန်းကျောက်စာတိုင်ကို ပြည်နယ်ဝန်ကြီးချုပ်က စက်ခလုတ်နှိပ်ဖွင့်လှစ် ပေးပြီး တာဝန်ရှိသူများနှင့်အတူ ကမ္ဗည်းမော်ကွန်းကျောက်စာတိုင်ကို အမွှေးနံသာရည်ဖြင့် ပက်ဖျန်းပေးကြသည်။
ထို့နောက် ရာပြည့်ပွဲတော် အခမ်းအနားကို ကျောင်းဝင်းအတွင်းရှိ မဏ္ဍပ်၌ ဆက်လက် ကျင်းပ ပြုလုပ်ရာ အခမ်းအနားကို ကျောင်းသား/ ကျောင်းသူလေးများက “ဘက်စုံပညာဆီ ဒို့လှမ်းချီ” တေးသီချင်းဖြင့် သီဆိုဖျော်ဖြေဖွင့်လှစ်ပြီး ကျောင်းသားဟောင်းတစ်ဦးဖြစ်သည့် ပြည်နယ်ဝန်ကြီးချုပ် ကကျောင်းတော်ကြီးသည် ၁၉၂၃ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့သည့်အတွက် ယခု ၂၀၂၃-၂၀၂၄ ပညာ သင်နှစ်တွင် နှစ် (၁၀၀)ပြည့်သည်အထိ ဂုဏ်သိက္ခာရှိစွာ၊ တည်ငြိမ်စွာ၊ ပုံရိပ်ကောင်းစွာဖြင့် တည်တံ့ နေရခြင်းသည် ခေတ်အဆက်ဆက် တာဝန်ယူအုပ်ချုပ်ခဲ့သည့် ကျောင်းအုပ်ကြီးများ၊ သင်ကြားပြသပေးခဲ့ကြသော ဆရာ/ ဆရာမများ၊ ဝန်ထမ်းများ၊ မိဘဆရာအသင်း၊ အကျိုးတော်ဆောင်များနှင့် အစိုးရအဆက်ဆက်တို့၏ ကျောင်းအပေါ်ထားရှိခဲ့သည့် မေတ္တာ၊ စေတနာ၊ ဂုဏ်ကျေးဇူးများကို အမှတ်တရ ကျေးဇူးတင်ဂုဏ်ပြုပေးခြင်းဖြစ်ပါကြောင်း၊ ထို့အပြင် ကျောင်းတော်ကြီးမှ နှစ် (၁၀၀) အတွင်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် စိုက်ပျိုးမွေးမြူရေးနယ်ပယ်တို့တွင် ထူးချွန်ထက်မြက်သည့် ခေါင်းဆောင်မြောက်များစွာကို မွေးထုတ်ပေးနိုင်ခဲ့ပါကြောင်း၊ သို့ဖြစ်ပါ၍ ကျောင်းတော်ကြီး ဆက်လက်အောင်မြင်တိုးတက်စေရေး အားလုံးက ဝိုင်းဝန်းကူညီဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း ဂုဏ်ပြုပြောကြားသည်။
ဆက်လက်၍ကျောင်းသမိုင်းပြုစုရေးကော်မတီအဖွဲ့ခေါင်းဆောင် ဆရာကြီးဦးလနူးက အမှတ် (၁)အခြေခံပညာအထက်တန်းကျောင်း၏ ကျောင်းသမိုင်းအကျဉ်းအား ဖတ်ကြားပြီး ကျောင်းသားဟောင်းများဖြစ်ကြသည့် နိုင်ငံကျော်အဆိုတော် ဒေါ်ကေဂျာနူး၊ ဒါရိုက်တာနှင့် တေးရေး/ တေးဆို ဂျီဇုန်းကိတို့ အဖွဲ့က”နှစ်(၁၀၀)မှ ကမ္ဘာတည်သရွေ့” ဂုဏ်ပြုတေးသီချင်းဖြင့် ဂုဏ်ပြုဖျော်ဖြေသီဆိုခဲ့ကြကာ ပွဲတော်ကျင်းပရေးကော်မတီဥက္ကဋ္ဌ၊ ကျောင်းအုပ်ဒေါ်ကေဒီဆိုင်းပန်က ပွဲဖြစ်မြောက်ရေး အတွက် ပါဝင်ကူညီသူများအားလုံးကို ကျေးဇူးတင်စကားပြောကြားသည်။
ယင်းနောက် မူလတန်းကလေးငယ်များ၏ အကအလှများဖြင့် ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးခဲ့ကြပြီး ပွဲဖြစ်မြောက်ရေးကော်မတီအဖွဲ့ဝင်များက ရာပြည့်ပွဲတော်အထိမ်းအမှတ်အလံများကို ပေးအပ်ခဲ့ကြကာ ကျောင်းသား/ ကျောင်းသူလေးများက “ပညာပြည့်ဝ နှလုံးလှ” တေးသီချင်းဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ တာဝန်ရှိသူများက ပွဲဖြစ်မြောက်ရေးကော်မတီအဖွဲ့ဝင်များနှင့်အတူ ကံ့ကော်ဆောင်၌ ရာပြည့်ပွဲတော် အထိမ်းအမှတ် ဖွင့်လှစ်ပြသထားသည့် ကျောင်းသမိုင်းပြတိုက်အတွင်း ခေတ်အဆက်ဆက်ကျောင်းအုပ်တာဝန်ထမ်းဆောင်ခဲ့သူများ၊ လူရည်ချွန်များ၊ ကင်းထောက်လူငယ်များ၊ သမိုင်းဝင်ဆုတံဆိပ်အမျိုးမျိုးနှင့် ကျောင်းကော်မတီအဖွဲ့ဝင်များ၏ လှုပ်ရှားမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ယင်းနောက် ရာပြည့်ပွဲတော်အထိမ်းအမှတ် မနောအကကို အတူတကွ ဆင်နွှဲနိုင်ရေး ကျောင်းဝင်းအတွင်းရှိ မနောကွင်းငယ်ရှေ့၌ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ် လူမှုရေးရာဝန်ကြီးနှင့် ပွဲဖြစ်မြောက်ရေးကော်မတီ နာယက(၂) ဆရာဦးကျော်အေးတို့က မနောကွင်းကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး မနောကွင်းအတွင်းသို့ နောင်ရှောင်များ(မနောအကဦးဆောင်သူ)၏ ဦးဆောင်မှုဖြင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် ဆရာကြီး/ ဆရာမကြီးများ၊ ပွဲဖြစ်မြောက်ရေးကော်မတီ၊ ဆပ်ကော်မတီအဖွဲ့ဝင်များ၊ ကျောင်းသား/ ကျောင်းသူဟောင်းများ၊ တက်ရောက်လာ ကြသော ဧည့်သည်တော်များနှင့်အတူ အတူတကွ စုပေါင်း၍ မနောအကကို တစ်ပျော်တစ်ပါး ဆင်နွှဲခဲ့ ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် အဆိုပါကျောင်းဝင်းအတွင်း ရာပြည့်ပွဲတော်အထိမ်းအမှတ် ကျောင်းသားဟောင်းများက လှူဒါန်းဆောက်လုပ်လျက်ရှိသည့် စာကြည့်တိုက်အဆောက်အဦတည်ဆောက်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
အဆိုပါ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းသည် ကချင်ပြည်နယ်နှင့် မြစ်ကြီးနားမြို့၏ ပညာရေးသမိုင်းတွင် သက်တမ်းအရှည်ကြာဆုံးကျောင်းတစ်ကျောင်းဖြစ်ပြီး ၁၉၂၃ ခုနှစ်က အင်္ဂလိပ်မြန်မာ အစိုးရအလယ်တန်းကျောင်း(သတ္တမတန်းကျောင်း)အဖြစ် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ဒုတိယကမ္ဘာစစ်တွင် ခေတ္တရပ်ဆိုင်းခဲ့ကာ ၁၉၄၅ ခုနှစ်တွင် အစိုးရအထက်တန်းကျောင်းအဖြစ် ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်းနှင့် ယခု နှစ်(၁၀၀)ပြည့် ရာပြည့်ပွဲတော်ကို မတ် (၂၉)ရက်က စတင်ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)