တာချီလိတ် မတ် ၃၀
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ ဆန်ဆိုင်း(က)ရပ်ကွက်၊ နဂါးနှစ်ကောင်ပရိယတ္တိ စာသင်တိုက်၏ ဦးစီးပဓာန နာယကဆရာတော် နိုင်ငံတော်ဩဝါဒစရိယ၊ အဘိဓဇမဟာရဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တဓမ္မသီရိ ဆရာတော်ဘုရားကြီး၏ ဥတုဇရုပ်ကလာပ်တော်အား ထီးဖြူတော်ဖွင့်လှစ် ပူဇော်ခြင်း အခမ်းအနားကို ယနေ့ နံနက် (၉) နာရီက အဆိုပါ ကျောင်းတိုက်၌ ကျင်းပပြုလုပ်သည်။
ဦးစွာ ကြွရောက်တော်မူလာကြသည့် ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များက သဗ္ဗေသင်္ခါရာ အနိစ္စာတိ အစရှိသော သံဝေဂသုံးဂါထာကို ရွတ်ဆိုပွားများ၍ အခမ်းအနားကို ဖွင့်လှစ်ပြီး နဂါးနှစ်ကောင်ကျောင်းတိုက် တိုက်အုပ်ဆရာတော် တပည့် မဟာဂန္တဝါစက ပဏ္ဍိတ ဘဒ္ဒန္တသုဓမ္မ အရှင်သူမြတ်ထံမှ ဧည့်ပရိတ်သတ်အပေါင်းက ငါးပါးသီလ ခံယူဆောက်တည်ကာ နဂါးနှစ်ကောင် ဆရာတော်ဘုရားကြီး၏ ထေရုပ္ပတ္တိ ဖတ်ကြားပူဇော်ခြင်းနှင့် ဓမ္မသံဝေဂါထာများကို ဖတ်ကြား ပူဇော်ကြသည်။
ထို့နောက် သံဃာတော်အရှင်သူမြတ်များအား ဧည့်ပရိတ်သတ်အပေါင်းက သင်္ကန်းအစရှိသော လှူဖွယ်ဝတ္ထုပစ္စည်းများ ဆပ်ကပ်လှူဒါန်းကြပြီး သံဃာတော်များက အနိစ္စာ ဝတ သင်္ခါရာ-အစချီ သံဝေဂသုံးဂါထာကို ရွတ်ဆိုပွားများ၍ သံဝေဂကထာ တရားနာကြားကာ ရေစက်သွန်းချ အမျှပေးဝေကြသည်။ ယင်းနောက် နဂါးနှစ်ကောင်ကျောင်းတိုက် တိုက်အုပ်ဆရာတော် တပည့် မဟာဂန္တဝါစက ပဏ္ဍိတ ဘဒ္ဒန္တသုဓမ္မ အရှင်သူမြတ်က အပြစ်ရှိက ခွင့်လွှတ်တော်မူပါရန် တောင်းပန်ကန်တော့လွှာကို တပည့်သံဃာ ဒါယကာ၊ ဒါယိကာမများအား တိုင်ကြားပေး၍ ဆရာတော်ဘုရားကြီးအား နောက်ဆုံးတောင်းပန် ကန်တော့ကြသည်။
ဆက်လက်၍ မဟာသဒ္ဓမ္မဇောတိကဓဇ၊ ဝိဇ္ဇာပညာထူးချွန် (ပထမဆင့်)၊ ဝဏ္ဏကျော်ထင် ဦးသူရက သေတစ္ဆတ္တဝိဝရဏပူဇာဂါထာကို ဖတ်ကြား၍ ထီးဖြူတော်များ ဖွင့်လှစ်ပူဇော်ရန် ပန်ကြားကာ နတ်မင်းကြီးလေးပါးတို့က ဆရာတော်ကြီး၏ ရုပ်ကလာပ်တော်အား ထီးဖြူတော်များ ဆောင်းမိုးဖွင့်လှစ်ပူဇော်ပြီး မြန်မာ့ရိုးရာယဉ်ကျေးမှုအဖွဲ့၊ ရှမ်းတိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့တို့က သိင်္ဂါသံများဖြင့် သီကျူးတီးခတ်ပူဇော်ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ကျော်ဇေယျာလင်း(ပြန်/ဆက်)