တပ်ကုန်း မတ် ၃၀
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်အတွင်းရှိ တောင်သူများ ဆည်ရေသောက်စနစ်ဖြင့် စပါးများကို အဓိကစိုက်ပျိုးကြသည့်အပြင် အခြားဝင်ငွေရရှိသည့် သီးနှံများကိုလည်း စိုက်ပျိုးရောင်းချ၍ မိသားစုစားဝတ်နေရေးအတွက် ဆောင်ရွက်လျက်ရှိရာ ယခုနှစ် ကြက်သွန်စိုက်ပျိုးချိန်တွင် သွင်းအားစုနှင့် ကုန်ကျမှုစရိတ်ကြီးမြင့်ကြောင်း၊ ကြက်သွန်တစ်ဧကလျှင် မျိုးစေ့သုံးပြည် ပျိုးထောင်ရကြောင်း၊ ပျိုးပင်သက်တမ်း ရက် ၃၀ မှ ၄၅ အတွင်း စိုက်ကွက်တွင် ပြောင်းရွေ့စိုက်ပျိုးရကြောင်း၊ ပျိုးပင်သက်တမ်းရက်ကျော်လွန်လျှင် ကြက်သွန်ဥ ကြီးထွားမှုနည်းပါးကြောင်း၊ မျိုးစေ့ဖိုး၊ ပျိုးနုတ်စရိတ်၊ ပြောင်းရွှေ့စိုက်စရိတ်၊ ထယ်ရေးထွန်ရေး မြေပြင်စရိတ်၊ ရေသွင်းစရိတ်၊ ပေါင်းမြက်ရှင်းလင်းစရိတ်၊ မှိုသတ်ဆေး၊ အပင်အားတိုးဆေး၊ မြေဩဇာစသည့်သွင်းအားစုကုန်ကျစရိတ် ၁၅သိန်းကျော် ကုန်ကျကြောင်း၊ ကြက်သွန်သီးနှံသည် စိုက်ပျိုး ပြီး သုံးလအကြာတွင် တူးဖော်ရောင်းချနိုင်ကြောင်း၊ မြေအမျိုးအစားအပေါ်မူတည်၍ တစ်ဧကလျှင် ကုန်ချိန် ၂၅၀၀ မှ ၃၅၀၀ထိ ထွက်ရှိနိုင်ကြောင်း၊ ယနေ့ပွဲစားဈေးတစ်ပိဿာလျှင် ၁၅၀၀ ကျပ်ရောင်းချရသဖြင့် ကြက်သွန်စိုက်တောင်သူများ လုပ်ငန်းအဆင်ပြေကြောင်း ကြက်သွန်စိုက်တောင်သူထံမှ သိရသည်။
တင်စိုးလွင်