ကျောက်ဆည် မတ် ၃၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် အင်ဂျင်ပါဝါသုံး (၆)တန်းသွား လက်ဆွဲကောက်စိုက်စက်ဖြင့် နွေစပါးစမ်းသပ်စိုက်ပျိုးခြင်း သရုပ်ပြအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျောက်ဆည်ခရိုင်၊ စက်မှုလယ်ယာဦးစီးဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ အင်ဂျင်ပါဝါသုံး (၆)တန်းသွား လက်ဆွဲကောက်စိုက်စက်သည် ကျောက်ဆည်မြို့ မြန်မာ့လယ်ယာသုံးစက်ကိရိယာစက်ရုံ(အင်းကုန်း)မှ သုတေသနပြုထုတ်လုပ်ထားပြီး အင်ဂျင်ပါဝါ (၁.၅)ကီလိုဝပ်၊ အလေးချိန် (၆၅)ကီလိုဂရမ်၊ အလျား(၁၁၁၀)မီလီမီတာ၊ အနံ (၁၅၉၅)မီလီမီတာ၊ အမြင့် (၆၁၀)မီလီမီတာရှိပြီး တန်းကြား အကွာအဝေး (၂၃၀)မီလီမီတာ၊ ပင်ကြားအကွာအဝေး (၁၀၀-၁၈၀)မီလီမီတာ၊ စိုက်တန်းအရေအတွက် (၆)တန်း၊ ထုတ်လုပ်မှုကုန်ကျစရိတ် (၂၅)သိန်းဖြစ်ကြောင်း သိရသည်။
လက်ဆွဲကောက်စိုက်စက်ဖြင့် စပါးသီးနှံစိုက်ပျိုးခြင်းဖြင့် စပါးများ စနစ်တကျ တန်းကျစိုက်ပျိုးနိုင်ခြင်း လုပ်သားရှားပါးမှုပြဿနာကို ဖြေရှင်းနိုင်ခြင်း၊ စပါးပျိုးသက်တမ်း နုချိန်တွင် စိုက်ပျိုးခြင်းကြောင့် အပင်ပွားနှုန်းများပြားခြင်း၊ သမားရိုးကျစိုက်နည်းဖြစ်သော လက်ဖြင့်စိုက်ပျိုးသကဲ့သို့ ကောက်ပင်လှန်ချိန်စောင့်ရန်မလိုခြင်း၊ လူအင်အား (၂)ယောက်သာလိုပြီး အမျိုးသမီးများပါ လွယ်ကူစွာစိုက်ပျိုးနိုင်သည့်အပြင် စပါးတစ်ဧက စိုက်ပျိုးပါက (၁:၄၅ နာရီမှ ၂:၀၀)နာရီအထိ ကြာမြင့်သောကြောင့် အချိန်ကုန်သက်သာခြင်း စသည့် အကျိုးကျေးဇူးများ ရရှိကြောင်း သိရှိရသည်။
သက်မောင်