မော်လမြိုင် မတ် ၃၀
မော်လမြိုင်မြို့ရှိ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများသည် ယနေ့နံနက်ပိုင်းက တောင်ရိုးတန်းလမ်း၊ ဦးဇိနဘုရား အနီးပတ်ဝန်းကျင်၌ စုပေါင်း သန့်ရှင်းရေးဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ်၀န်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက လာရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ကြသူများသည် တောင်ရိုးတန်းလမ်း၊ ဦးဇိနဘုရား အနီးပတ်ဝန်းကျင်ရှိ သစ်ပင်ခြုံနွယ်ပိတ်ပေါင်းများကို ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များ ကောက်ယူရှင်းလင်းခြင်း၊ သစ်ပင်သစ်ကိုင်းများ ရှင်းလင်းခြင်း၊ လျှပ်စစ်ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသည့် သစ်ပင်ကြီးများ ခုတ်ထွင်ရှင်းလင်းများ ဆောင်ရွက်ခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ခြင်းဖြစ်သည်။
မော်လမြိုင်မြို့နယ် တောင်ရိုးတန်းလမ်းသည် အများပြည်သူများ စိတ်အပန်းဖြေ လာရောက်သည့် နေရာဒေသဖြစ်ပြီး ဘုရားဖူးပြည်သူများ လာရောက်လည်ပတ်သည့် စေတီ၊ ပုထိုးများစုံရာနေရာဖြစ်ခြင်း၊ ကျန်းမာရေး လိုက်စားသူများ ကိုယ်လက်လှုပ်ရှား အားကစားများ ဆောင်ရွက်ခြင်း၊ တောင်ရိုးတန်းလမ်းတစ်လျောက် လမ်းလျှောက်ခြင်းများ လာရောက်လုပ်ဆောင်လေ့ရှိသဖြင့် ပတ်၀န်းကျင်သန့်ရှင်းသာယာလှပပြီး လေကောင်းလေသန့်ရရှိရေး အလေးထား ဆောင်ရွက်ကြရန်နှင့် မြို့နယ်အတွင်း သန့်ရှင်းသာယာလှပရေး၊ ရေစီးရေလာကောင်းမွန်ရေး၊ ရေနုတ်မြောင်းများ ပိတ်ဆို့မှုမရှိစေရး၊ အများပြည်သူနှင့် သက်ဆိုင်သည့်နေရာများ သန့်ရှင်းသာယာလှပရေး အလေးထားကာ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြည်နယ်ဝန်ကြီးချုပ်က တာ၀န်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။
မွန်ပြည်နယ်အတွင်း မြို့နယ်အသီးသီးရှိ ရပ်ကွက်၊ ကျေးရွာများတွင် သန့်ရှင်းသာယာလှပစေရေးအတွက် ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေးကို ဆောင်ရွက်လျက်ရှိပြီး အခြေခံပညာစာသင်ကျောင်းများတွင်လည်း ကျောင်းသန့်ရှင်းသာယာလှပစေရေးအတွက် ကျောင်းအကျိုးပြု စုပေါင်းသန့်ရှင်းရေးကို အပတ်စဉ်ပုံမှန် ဆောင်ရွက်လျက်ရှိကြောင်း၊ ယနေ့ပြုလုပ်သည့် စုပေါင်းသန့်ရှင်းရေးကို ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများ စုစုပေါင်း အင်အား ၂၇၀ ခန့်က စုပေါင်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
စည်သူ(ပြန်/ဆက်)