နောင်ချိုမြို့နယ်အတွင်းရှိ ကြက်မွေးမြူရေးလုပ်ငန်းရှင်များနှင့် အသားတိုးဝက်မွေးမြူရေးလုပ်ငန်းရှင်များအား တွေ့ဆုံဆွေးနွေး

နောင်ချို မတ် ၃၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်တွင်းရှိ အသားစားကြက်မွေးမြူရေးလုပ်ငန်းရှင်များ၊ အသားတိုးဝက်မွေးမြူရေးလုပ်ငန်းရှင်များအား ယမန်နေ့က ခေါ်ယူတွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဇော်လွင်က မြို့နယ်အတွင်း စားသုံးမှုပမာဏထက် ပိုမိုထုတ်လုပ်နိုင်ရေး ဇီဝလုံခြုံမှုနှင့် ကူးစက်ရောဂါကာကွယ်ထိန်းချုပ်မှုကို အပြည့်အဝဆောင်ရွက်နိုင်ရေး၊ အများပြည်သူ အသားစားသုံးမှုဘေးကင်းလုံခြုံစေရေးအတွက် ဆွေးနွေးခဲ့ကာ တက်ရောက်လာကြသော လုပ်ငန်းရှင်များအနေဖြင့် ဌာနမှ ဖြည့်ဆည်းပေးရန်လိုအပ်ပါက ဖြည့်ဆည်းပေးနိုင်စေရေးအတွက် ဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။

ထိုသို့ဆွေးနွေးပွဲများ ပြုလုပ်ခြင်းဖြင့် မြို့နယ်အတွင်းမွေးမြူရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေး၊ ကူးစက်ရောဂါကြောင့် မွေးမြူရေးလုပ်ငန်းများ ထိခိုက်မှုမဖြစ်ပေါ်စေရေး၊ မြို့နယ်၏မွေးမြူထုတ်လုပ်မှုပမာဏ နှစ်စဉ်မြင့်မားလာစေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ သိရသည်။

ထွေးငယ်(ပြန်/ဆက်)