မိတ္ထီလာ မတ် ၃၀
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဉီးမြင့်စိုး မိတ္ထီလာ-ကျောက်ပန်းတောင်းလမ်းမှ အိုင့်-သနပ်အိုင့်လမ်း ကတ္တရာခင်းခြင်းလုပ်ငန်းနှင့် သဖန်းပင်ရိုးကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများအား ကြည့်ရှု့စစ်ဆေးပြီး ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲကို ယမန်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်အချိန်က အဆိုပါကျေးရွာများတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ၂၀၂၃ - ၂၀၂၄ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စု(ငွေလုံးငွေရင်း)ရန်ပုံငွေဖြင့် မိတ္ထီလာ-ကျောက်ပန်းတောင်းလမ်းမှ အိုင့်-သနပ်အိုင့်လမ်း အရှည် (၁.၂၀၅)ကီလိုမီတာ ကတ္တရာခင်းခြင်းလုပ်ငန်းအား ကြည့်ရှု့စစ်ဆေးပြီး အိုင့်-သနပ်ပင်ကျေးရွာရှိ ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ ဒေသခံပြည်သူများ၏ တင်ပြချက်များအား ဒုတိယဝန်ကြီး ဦးမြင့်စိုးက သက်ဆိုင်ရာဌာနများမှ ကွင်းဆင်းစစ်ဆေးပြီး အမြန်ဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ဆပ်ပြာကျင်းကျေးရွာအုပ်စု သဖန်းပင်ရိုးကျေးရွာရှိ ဒေသခံပြည်သူများနှင့် တွေ့ဆုံခဲ့ရာ ဒုတိယဝန်ကြီး ဦးမြင့်စိုးက အဖွင့်အမှာစကားပြောကြားရာတွင် ဝန်ကြီးဌာနအနေဖြင့် ယခင်က ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများသာ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယခုအခါ သမဝါယမအသင်းများဖွဲ့စည်းပြီး နိုင်ငံ့စီးပွားဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် စိုက်ပျိုးရေးတောင်သူများအား စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ကျေးရွာများရှိ ဒေသခံပြည်သူများ တစ်ပိုင်တစ်နိုင်စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ရန် အသက်မွေးဝမ်းကျောင်းသင်တန်းများ ဖွင့်လှစ်ပေးလျက်ရှိပါကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
၎င်းနောက် မိတ္ထီလာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းက သဖန်းပင်ရိုးကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်ထားရှိသည့် မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်း၊ မြေသားကန်တူးဖော်ခြင်းလုပ်ငန်း၊ ကျေးလက်ရေရရှိရေးလုပ်ငန်းနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီး သမဝါယမနှင့် ကျေိးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာနအောက်ရှိ ဦးစီးဌာနများမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များက ဦးစီးဌာနများမှ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများအကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင် ဦးစံဝင်းက ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်ပတ်သက်၍ လိုအပ်ချက်များ တင်ပြခဲ့ရာ ဒုတိယဝန်ကြီး ဦးမြင့်စိုးက တင်ပြချက်များအား ပြန်လည်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းအား ကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)