တာမွေ မတ် ၃၀
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်အတွင်း မီးဘေးအန္တရာယ်ဖြစ်ပေါ်ခြင်းမှ ကင်းဝေးစေရေးအတွက် ယနေ့နံနက်ပိုင်းအချိန်က မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့ ပူးပေါင်း၍ တာမွေမြို့နယ်အတွင်း မီးဘေးအန္တရာယ်နှင့်ပတ်သက်ပြီး စိုးရိမ်ရသော လုပ်ငန်းခွင်များ၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် တာမွေမြို့နယ်အတွင်း မီးဘေးအန္တရာယ်နှင့်ပတ်သက်ပြီး စိုးရိမ်ရသော လုပ်ငန်းခွင်များဖြစ်သည့် စက်ရုံ၊ အလုပ်ရုံနှင့် စျေးဆိုင်ခန်းများ၌ မီးဘေးအန္တရာယ်ဖြစ်ပေါ်လာပါက ကြိုတင်ကာကွယ်နိုင်ရန် မီးငြှိမ်းသတ်ရေးပစ္စည်းများဖြစ်သည့် မီးချိတ်မီးကတ်များ၊ ရေပုံးများ၊ သဲအိတ်များ၊ ရေအိတ်များနှင့် မီးသတ်ဆေးဘူးများအား ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ အရေးပေါ် မီးဘေးအန္တရာယ်ဖြစ်ပေါ်လာပါက ရေလုံလောက်စွာရရှိနိုင်ရေးအတွက် ရေသိုလှောင်ကန်များ ပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး အဆိုပါ လုပ်ငန်းခွင်များတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းများအနေဖြင့် မီးဘေးအန္တရာယ်နှင့်ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး လိုက်နာဆောင်ရွက်နိုင်ကြစေရန်အတွက် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းများကိုလည်း အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြသည်။
ရန်ကုန်တိုင်းဒေသကြီး သဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်၌ ယခုနှစ်အတွင်း မီးဘေးအန္တရာယ်ဖြစ်ပေါ်ခြင်းမှ ကင်းဝေးစေရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် အသိပညာပေးခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရှိပါသည်။
နိုင်လင်းအောင်(ပြန်/ဆက်)