စဉ့်ကူးမြို့တွင် မူလတန်းအဆင့်နှင့် အလယ်တန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့်မွမ်းမံသင်တန်းများ ဖွင့်လှစ်ပို့ချ

စဉ့်ကူး မတ် ၃၀

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ စဉ့်ကူးမြို့နယ်အတွင်းရှိ စာသင်ကျောင်းများမှ ဆရာ၊ ဆရာမများအား မိမိတို့သင်ကြားပို့ချနေသော ဘာသာရပ်များအလိုက် သင်ကြားမှုစွမ်းရည် မြင့်မားစေရန်ရည်ရွယ်၍ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မူလတန်းအဆင့်နှင့် အလယ်တန်းအဆင့်ဘာသာရပ်စွမ်းရည်မြှင့်မွမ်းမံသင်တန်းကို မတ်လ ၂၅ ရက်နေ့မှစ၍ ယနေ့အထိ စဥ့်ကူးမြို့အခြေခံပညာအထက်တန်းကျောင်းတွင် ဖွင့်လှစ်ပို့ချလျက်ရှိကြောင်း သိရသည်။

အဆိုပါစွမ်းရည်မြှင့်မွမ်းမံသင်တန်းတွင် မူလတန်းအဆင့်သင်တန်းသား၊ သင်တန်းသူ(၃၈၂)ဦးတို့အား သင်တန်းနည်းပြဆရာ(၂၆)ဦးမှ အခန်း(၁၃)ခန်းဖြင့်လည်းကောင်း၊ အလယ်တန်းဆင့် သင်တန်းသား၊ သင်တန်းသူ(၁၈၁)ဦးတို့အား သင်တန်းနည်းပြဆရာ(၁၄)ဦးမှ အခန်း(၇)ခန်းဖြင့်လည်းကောင်း၊ မြို့နယ်ပညာရေးမှူးဒေါ်သန္တာအောင်နှင့် နည်းပြဆရာ၊ ဆရာမများက အနီးကပ်ကြီးကြပ်၍  သင်ကြားပို့ချပေးလျက်ရှိသည်။

အဆိုပါသင်တန်းများကို နံနက် ၉ နာရီမှ ၁၂ နာရီအထိနှင့် မွန်းလွဲ ၁ နာရီမှ ၃ နာရီအထိ သင်ကြားပို့ချလျက်ရှိပြီး သင်တန်းကာလမှာ မတ်လ ၂၅ ရက်မှ ၃၀ ရက်နေ့အထိ (၅)ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ  သိရသည်။

ငြိမ်းချမ်းဝင်း(ပြန်/ဆက်)