မိုးကုတ်မြို့၌ ၁၃၈၅ ခု၊  အစိုးရဓမ္မစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ ပထမနေ့ ပါရာဇိကကဏ္ဍပါဠိ အဋ္ဌကထာဘာသာစတင်ဖြေဆို

မိုးကုတ် မတ် ၃၀

မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့၌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက ကြီးမှူးကျင်းပသည့် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန် စာမေးပွဲကို  မတ်လ ၂၈ ရက်နေ့ မွန်းတည့်(၁၂)နာရီအချိန်က မိုးကုတ်မြို့နယ် ရှောလီဝိုင်းရပ်ကွက်၊ အောင်ချမ်းသာရပ်ရှိ မဟာမုနိဘုရားဝန်းအတွင်း၌ စတင်ကျင်းပလျက်ရှိကြောင်း သိရသည်။

မိုးကုတ်မြို့၌ အစိုးရဓမ္မာစရိယစာမေးပွဲ ပထမနေ့ ပါရာဇိကကဏ္ဍပါဠိအဋ္ဌကထာကျမ်းရင်း(၁) ဖြေဆိုသည့်နေ့တွင် ဖြေဆိုရန်စာရင်းပေးသွင်းသူ(၄၂)ဦးရှိပြီး လာရောက်ဖြေဆိုသူ ရဟန်းသံဃာတော်(၃၃)ပါး၊ သီလရှင်(၇)ပါးနှင့် လူပုဂ္ဂိုလ်(၁)ဦး စုစုပေါင်း(၄၁)ဦး  လာရောက်ဖြေဆိုကြောင်း မြို့နယ်သာသနာရေးဦးစီးဌာနမှ သိရသည်။

အဆိုပါ အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲကို မတ်(၂၈)ရက်နေ့မှ ဧပြီလ(၉)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး စာဖြေသံဃာတော်များ၊ သီလရှင်များအား စိတ်အေးချမ်းသာစွာဖြေဆိုနိုင်ရေးအတွက် ဩဝါဒစရိယဆရာတော်များ၊ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌနှင့် အကျိုးဆောင်ဆရာတော်များ၊ စာမေးပွဲကြီးကြပ်ရေးအဖွဲ့များ၊ မြို့နယ်သံဃဝေယျာဝစ္စအဖွဲ့များက ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စာမေးပွဲကျင်းပနေစဉ်အတွင်း စာဖြေသံဃာတော်များ၊ သီလရှင်များအား  နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်းနှင့် အချိုရည်ဆက်ကပ်လှူဒါန်းခြင်းတို့ကို ဌာနဆိုင်ရာများ၊ စေတနာရှင်/အလှူရှင်များက လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ကြည်ကြည်နွဲ့(ပြန်/ဆက်)​