လားရှိုးမြို့တွင် Biometric Data ကောက်ယူခြင်းကို မြို့နယ်၊ ခရိုင်ရုံးနှင့် ရပ်ကွက် အသီးသီးတို့တွင် ပြုလုပ်ပေးသွားမည်

လားရှိုး မတ်လ ၃၀

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့တွင် Biometric Data ကောက်ယူပြီး UID (Unique Identification Number) ထုတ်ပေးခြင်း ဧပြီလ (၁) ရက်နေ့မှ စတင်၍ မြို့နယ်၊ ခရိုင်နှင့် ရပ်ကွက်ရုံးများတွင် နေရာခွဲ၍ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

UID (Unique Identification Number) ပြုလုပ်ပေးခြင်းအစီအစဉ်ကို  နိုင်ငံသားစိစစ်ရေးကတ်ပြား (မှတ်ပုံတင်) ပြုလုပ်သူများကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ရုံးတွင်လည်းကောင်း၊ ခရိုင်ရုံးတွင် Passport (နိုင်ငံကူးလက်မှတ်) လျှောက်ထားသူများကိုလည်းကောင်း၊ ဧပြီလ (၁) ရက်နေ့တွင် ရပ်ကွက် (၁) အုပ်ချုပ်ရေးမှူး တွင်လည်းကောင်း ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“Biometric Data ကောက်ယူတဲ့ လုပ်ငန်းစဉ်တွေကို ဧပြီလ (၁) ရက်နေ့က စတင်ပြီးတော့ မြို့ပေါ်ရပ်ကွက်တွေမှာ စနစ်တကျ ကောက်ယူပေးသွားမှာ ဖြစ်ပါတယ်။ မြို့ပေါ်ရပ်ကွက်တွေမှာတော့ အလှည့်ကျနဲ့ ရပ်ကွက်တိုင်းကိုကွင်းဆင်းပြီး ပြုလုပ်ပေးသွားမှာပါ” ဟု လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူး၊ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မော်ထွန်း ကပြောသည်။

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လားရှိုးမြို့နယ်ရုံးသည် ပြည်နယ်၊ ခရိုင်ရုံး၏ ကြီးကြပ်မှုများနှင့်အတူ လားရှိုးမြို့၊ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက်၊ ကန်မိန်းကျောင်းတိုက်တို့တွင် ရောက်ရှိနေကြသည့် ယာယီနေရပ်စွန့်ခွာ ပြည်သူများအား အိမ်ထောင်စုမိတ္တူထုတ်ပေးခြင်း၊ အိမ်ထောင်စုမရှိသူများအား အိမ်ထောင်စုပြုလုပ်ပေးခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား လဲလှယ်ပေးခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ပျောက်ဆုံးသူများကို မိတ္တူထုတ်ပေးခြင်း၊ အသက် (၁၀) နှစ်နှင့် (၁၈) နှစ်ပြည့်သူများကို  နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးခြင်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

စိုင်းထွန်း (လားရှိုး)