မြစ်ကြီးနား မတ် ၃၀
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်အတွင်း လတ်တလောနယ်မြေအခြေအနေအရ ဝိုင်းမော်မြို့နှင့် မိုင်းနားကျေးရွာ၊ နောင်တာလော၊ နောင်ချိန်း၊ ခေတ်ချိုကျေးရွာများရှိ ဘာသာရေးကျောင်းများ၊ နီးစပ်ရာဆွေမျိုးနေအိမ်များတွင် ယာယီတိမ်းရှောင်လာခဲ့ကြသော အိမ်ထောင်စုများအား ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယမန်နေ့ မွန်းလွဲ ၂ နာရီက မိုင်းနားကျေးရွာအတွင်းရှိ မိုင်းနား KBC IDPs စခန်းသို့ ဒုတိယအကြိမ် သွားရောက်တွေ့ဆုံ အားပေးထောက်ပံ့သည်။
ထိုသို့ တွေ့ဆုံအားပေးထောက်ပံ့ရာတွင် ပြည်နယ်ဝန်ကြီးချုပ်က လတ်တလောနယ်မြေ အခြေအနေအရနေရပ်ကျေးရွာများကို စွန့်ခွာပြီး တိမ်းရှောင်လာကြသည့် မိသားစုများအား စိတ်ဓာတ်ခွန်အားရရှိစေရေး လာရောက်အားပေးခြင်းဖြစ်သည့်အပြင် နေထိုင်စားသောက်မှု အဆင်ပြေစေရေး၊ ဒုတိယအကြိမ် လာရောက်ထောက်ပံ့ပေးခြင်းဖြစ်ပါကြောင်း၊ ထို့အပြင် မိသားစုများ၏ လိုအပ်ချက်များကို ကူညီဖြေရှင်းပေးသွားမည့်အပြင် အခက်အခဲများကိုလည်း မိမိတို့အစိုးရအဖွဲ့နှင့်အတူတကွ ပူးပေါင်းဖြေရှင်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း အားပေးပြောကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများက ဝိုင်းမော်မြို့နယ်အတွင်းရှိ အောင်မြင်(၁/၂)၊ ရွှေညောင်ပင်၊ ကဇူး၊ ဒဘတ်ယန်၊ စန်းကား၊ နောင်ဟီး၊ အင်းလေး၊ ရွာသစ်ကျေးရွာများမှ လာရောက်တိမ်းရှောင် ခိုလှုံလျက်ရှိသော အိမ်ထောင်စု စုစုပေါင်း(၂၆၈)စု၊ လူဦးရေ(၁၁၄၁)ဦးတို့အတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့က စုစုပေါင်းငွေကျပ်(၉၂၉၄၀၀၀)တန်ဖိုးရှိ ဆန်အိတ်(၆၇)အိတ်ခွဲ၊ ခေါက်ဆွဲခြောက်ဖာ(၂၆၈)ဖာတို့နှင့် ကြက်ဥ(၄၅)လုံးကိုလည်းကောင်း၊ ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက ဆန်ရိက္ခာဖိုး ငွေကျပ်(၆၄၂၁၅၀၀၀)ကိုလည်းကောင်း၊ ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနက (၃)နှစ်အောက်ကလေး(၄၀၉)ဦးတို့အတွက် ငွေကျပ်(၁၂၂၇၀၀၀၀)၊ အသက်(၇၀)နှစ်နှင့်အထက် ဘိုးဘွား(၂၉၅)ဦးတို့အတွက် (၈၈၅၀၀၀၀)၊ ကိုယ်ဝန်ဆောင်မိခင်(၆၄)ဦးတို့အတွက် ငွေကျပ်(၁၉၂၀၀၀၀)၊ မသန်စွမ်း(၁၁၈)ဦးတို့အတွက် ငွေကျပ်(၃၅၄၀၀၀၀)ကိုလည်းကောင်း၊ မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(MWCDF)က ငွေကျပ်(၁၈၉၃၁၀၀) တန်ဖိုးရှိ ဆန်အိတ်(၁၀)အိတ်၊ ခေါက်ဆွဲခြောက်ဖာ(၁၅)ဖာ၊ ကလေးကစားစရာအရုပ်များနှင့် မသန်စွမ်းအမျိုးသမီးများအတွက် အဝတ်အထည်များကိုလည်းကောင်း၊ Humanity Inclusion (HI)က ငွေကျပ်(၄၃၂၀၀၀)တန်ဖိုးရှိ မသန်စွမ်းအမျိုးသားများအတွက် အဝတ်အထည်များကိုလည်းကောင်း၊ ကချင်ပြည်နယ်အမျိုးသမီးများ လူမှုစီးပွားအကျိုးပြုစွမ်းဆောင်ရှင်များအသင်းက ငွေကျပ်(၂၂၄၀၀၀)တန်ဖိုးရှိ ကိုယ်ဝန်ဆောင်မိခင်များအတွက် လုံချည်များကိုလည်းကောင်း စုစုပေါင်း ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများနှင့်အဖွဲ့အစည်းအသီးသီးက ပစ္စည်းနှင့်ငွေသားတန်ဖိုး (၁၀၂၆၃၈၁၀၀)ကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ဆက်လက်၍ ယာယီတိမ်းရှောင်လာသော ပြည်သူများက လတ်တလောနေထိုင် စားသောက်ရာတွင် လိုအပ်ချက်များ၊ ကလေးငယ်များအတွက် လိုအပ်ချက်များနှင့် အခက်အခဲများကို တင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က မိသားစုများ၏ လိုအပ်ချက်များကို အမြန်ဆုံးဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေး သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ထို့အတူ ညနေပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပပြုလုပ်သည့် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အရာထမ်း/ အမှုထမ်းများအား လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးအတွက် (၈)ရက်ကြာဖွင့်လှစ်ပေးခဲ့သော အင်္ဂလိပ်စာအခြေခံ Grammar & Speaking သင်တန်းဆင်းပွဲသို့ တက်ရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က ယနေ့ကမ္ဘာသုံးဘာသာစကားတွင် အဓိကကျသည့် အင်္ဂလိပ်စာအခြေခံနှင့် စကားပြောသင်တန်းကို ဖွင့်လှစ်ပေးခဲ့ခြင်းသည် မိမိတို့၏လုပ်ငန်းစွမ်းဆောင်ရည်ကို မြင့်တင်ပေးခြင်းဖြစ်သည့်အပြင် ဝန်ထမ်းများအနေဖြင့် သင်တန်းဆင်းပြီးပါကလည်း အဆက်မပြတ်လေ့ကျင့်ကြစေလိုကြောင်း တိုက်တွန်းမှာကြားသည်။
ဆက်လက်၍ သင်တန်းနည်းပြက သင်တန်းဆိုင်ရာအချက်အလက်များနှင့် သင်တန်းအပေါ် သုံးသပ်ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးတို့က သင်တန်းနည်းပြအတွက် ဂုဏ်ပြုချီးမြှင့်ငွေများနှင့် အင်္ဂလိပ်စာ Grammar ပိုင်းတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရသင်တန်းသား/ သင်တန်းသူများနှင့် အင်္ဂလိပ်စာ Speaking ပိုင်းတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရသင်တန်းသား/ သင်တန်းသူများအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြရာ သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
ပြည်နယ်ပြန်/ဆက်